မန္တလေး ၁၀ ဖေဖော်ဝါရီ
မန္တလေးမြို့တွင် အခြေချနေထိုင်ကြသော (ကချင်၊ ကရင်၊ ကယန်း၊ ကိုးကန့်၊ ချင်း၊ တောင်ရိုး၊ တအာင်း၊ နာဂ၊ ပအိုင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ရှမ်းနီ၊ အင်းသား၊ ဓနု၊ ယော၊ လီဆူ) အစရှိသော တိုင်းရင်းသားလူမျိုးစုများ၏ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နဝမအကြိမ် တိုင်းရင်းသားလူမျိုးစုများ ဈေးရောင်းပွဲတော်နှင့် ရိုးရာယဉ်ကျေးမှု ပဒေသာကပွဲ ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မန္တလေးမြို့ရှိ မန္တလာသီရိအဆင့်မြင့်အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်၊ မန္တလေးမြို့ အခြေစိုက်တိုင်းရင်းသားလူမျိုးစုများအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မောင်မြင့်၊ ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းဥက္ကဋ္ဌ ဦးစိုင်းဆိုင်မိုင်း၊ ရခိုင်တိုင်းရင်းသားလူမှုရေးအသင်း ဒုတိယယဥက္ကဋ္ဌ ဦးထွန်းအေး၊ ကယန်းလူမှုရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမော်၊ တအာင်းလူမှုရေးအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် ကိုးကန့်လူမှုရေးအသင်းဥက္ကဋ္ဌ ဦးလှအောင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက အမှာစကား ပြောကြားသည်။ ၎င်းနောက် ဝန်ကြီးနှင့်တာဝန်ရှိသူများက ခင်းကျင်းပြသထားသော ပြခန်းများ၊ တိုင်းရင်းသားလူမျိုးများ၏ ဒေသထွက်ကုန်ပစ္စည်းများ၊ အသုံးအဆောင်နှင့် ရိုးရာအစားအစာ ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှု အားပေးသည်။
မန္တလေးမြို့တွင် အခြေချနေထိုင်ကြသော တိုင်းရင်းသားလူမျိုးစု (၁၈)မျိုး၏ ရိုးရာအစားအစာများ၊ အသုံးအဆောင်ပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ အဝတ်အထည်များ၊ တိုင်းရင်းသား ယဉ်ကျေးမှုနှင့် ရိုးရာပစ္စည်းများပြခန်း၊ တိုင်းရင်းသားစာပေ အစရှိသော ပြခန်းများနှင့် ဈေးဆိုင်ခန်းပေါင်း (၃၀)ကျော် နှင့် စာအုပ် အရောင်းဆိုင် ပေါင်း(၅၀)ကျော်ပါဝင်ကြောင်း၊ ညပိုင်းတွင် တိုင်းရင်းသားများ၏ရိုးရာ ယဉ်ကျေးမှု ပဒေသာကပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း၊ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရူလေ့လာနိုင်ကြောင်း မန္တလေးမြို့ အခြေစိုက်တိုင်းရင်းသားလူမျိုးစုများအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မောင်မြင့် က ပြောကြားသည်။
အဆိုပါ တိုင်းရင်းသားလူမျိုးစုများ ဈေးရောင်းပွဲတော်နှင့် ယဉ်ကျေးမှုပဒေသာ ကပွဲများကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်ထိ မန္တလေးမြို့၊ မန္တလာသီရိအဆင့်မြင့် အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ရာ မည်သူမဆို အခမဲ့လာရောက်လေ့လာနိုင်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)