မန္တလေး    ၂၀   စက်တင်ဘာလ     

 

အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လူထုဟောပြောပွဲကို ယနေ့ နံနက်၉နာရီက မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ၇၁လမ်း၊ ၂၆လမ်းနှင့် ၂၇လမ်းကြားရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ-၁၌ ကျင်းပသည်။

 

အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ မန္တလေးတိုင်းဒေသကြီး ဒုတိယလွှတ်တော်ဥက္ကဌ ဒေါက်တာခင်မောင်ဌေး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ချစ်နှင့် ဆေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

7

 

အခမ်းအနားတွင် တိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးက မြန်မာနိုင်ငံ၏ အဓိကပြသာနာများသည် အစားသောက်ထဲတွင် ပါဝင်သော ဆိုးဆေးများ၊ ဓာတုပစ္စည်းများ၊ ပိုးမွှားပါဝင်သည့် အစားအသောက်များ၊ စံချိန်မမီသည့်ဆေးဝါး၊ မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ၊ ဆေးဝါးအတုနှင့် သုံးစွဲရန် မသင့်သော အလှကုန်ပစ္စည်းများမှ ရရှိစေသော ဘေးထွက်ဆိုးကျိုးနှင့် ရောဂါအမျိုးမျိုးကို တွေ့ကြုံခံစားနေရသည်မှာ မျက်မြင်ဖြစ်ကြောင်း၊ ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)အနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသင့်ထုပ်ပိုး ထားသော အစားအသောက်လုပ်ငန်းများ ထုတ်လုပ်မှု ကျင့်စဉ်၊ကောင်းမွန်သော သန့်ရှင်းမှုကျင့်စဉ်တို့နှင့် ကိုက်ညီမှုရှိ၊မရှိ စစ်ဆေးအတည်ပြုပြီး ထောက်ခံချက်များ ထုတ်ပေးနေသည်ဟု သိရကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လာသည်ကို တွေ့ရကြောင်း၊ သာဓက အနေဖြင့် “ခွင့်မပြု ဓာတုဆိုးဆေးများ ကင်းစင်သော ဈေးချိုတော်” ဟု ၂၀၁၈ခုနှစ် ဇူလိုင်လတွင် ကြေညာနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ၊ NGOs၊ INGOsများ၊ အစားအသောက်ရောင်းချသော လုပ်ငန်းရှင်များနှင့် ပြည်သူလူထု ဟန်ချက်ညီညီဖြင့် ကူညီပံ့ပိုးဆောင်ရွက်ပေးမှသာလျှင် အောင်မြင်မှုများရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

 ဆက်လက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်က အစားအသောက်၊ ဆေးဝါးအလှကုန်ပစ္စည်းများ ဘေးကင်းလုံခြုံစိတ်ချရေးအတွက် FDA တစ်ခုတည်းမဟုတ်ဘဲ သက်ဆိုင်ရာနှီးနွယ်နေသော အစိုးရဌာနများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ ပြည်သူလူထုများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တစ်ကမ္ဘာလုံးနှင့် ချိတ်ဆက်လုပ်ဆောင်သော Global link ၊ Regional Linkတွေ ရှိနေပြီဖြစ်တဲ့အတွက်  သက်ဆိုင်ရာနယ်ပယ်အလိုက် တာဝန်များကို ပီပီပြင်ပြင်လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကိစ္စရပ်များဖြစ်သည့်အတွက် ကောင်းမွန်သော ထုတ်လုပ်မှုကွင်းဆင်းစစ်ဆေးခြင်း၊ ဈေးကွက်နမူနာ ကောက်ယူခြင်း စသော အစားသောက်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများသာမက ဆေးဝါးဖျက်ဆီးခြင်း၊ ဆေးဆိုင်စစ်ဆေးခြင်း၊ ကွန်ယက်အဖွဲ့ဖြင့် နမူနာကောက်ယူခြင်း စသောလုပ်ငန်းများကိုလည်း တိုင်းဒေသကြီးအစားသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအနေဖြင့် အမြဲပါဝင်ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

 

ထို့နောက် FDAဝန်ထမ်းများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက စုပေါင်းအမှတ်တရဓာတ်ပုံများ ရိုက်ကူးကြကာ ခင်းကျင်းပြသထားသော ပြခန်းများသို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။ 

 

တင်ဇာလှိုင် (ပြန်/ဆက်)