မန္တလေး  ၁၈  မတ်

 

အခြေခံစားကုန်ဈေးနှုန်း တည်ငြိမ်ရေးလှုပ်ရှားမှုအဖြစ် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) မှ ဦးဆောင်၍ ညီနောင်စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များ ပူးပေါင်းကာ အခြေခံစားကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဉနှင့် လက်ဖက်၊ ပဲကြော်များအား ယနေ့ မွန်းလွဲ ၂ နာရီတွင် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ သင်ပန်းကုန်းရပ်ကွက်တွင် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

1245676845

 

ထိုသို့ရောင်းချရာတွင် ဆန်တစ်ပြည်၊ ပဲဆီစစ်စစ် ၁၅ ကျပ်သား၊ ကြက်ဉ ၆ လုံး၊ လက်ဖက်နှင့် ပဲကြော်ထုပ်များ အပါအဝင် စုစုပေါင်း ၃၅၅၀ ကျပ် တန်ဖိုးရှိသော စားကုန်များအား ငွေကျပ် ၂၀၀၀ နှုန်းဖြင့် လူဦးရေ ၅၀၀ ဦးစာအတွက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

“Covid-19 နှင့် ပတ်သက်၍ ရောဂါထိန်းချုပ်ရေးနှင့် ပြည်သူလူထုအတွင်း စိုးရိမ်မှုများကြောင့် အခြေခံစားသောက်ကုန်များ ဝယ်ယူစုဆောင်းလျက်ရှိရာ ကုန်စျေးနှုန်း မြင့်တက်မှုများ မရှိစေရေး၊ ကုန်စျေးနှုန်း တည်ငြိမ်ရေးနှင့် ပြည်သူများ စိုးရိမ်မှုများ မရှိစေရေးတို့အတွက် အခြေခံစားသောက်ကုန်များအား မန္တလေးခရိုင်အတွင်းရှိ မြို့နယ်(၇)မြို့နယ်လုံး လှည့်လည်ရောင်းချပေးသွားမှာပါ၊ အခြေခံလူတန်းစားတွေအတွက် ရောင်းချပေးတာပါ၊ အဓိက အခြေခံစားသောက်ကုန် လုံလောက်တယ် ဆိုတာကို ပြချင်တာပါ၊ နောက်ရက်တွေမှာလည်း ဆက်လက်ရောင်းချပေးသွားအုံးမှာပါ၊ ပစ္စည်းအရေအတွက် ထပ်တိုးပေးနိုင်အောင်လည်း ကြိုးစားနေပါတယ်၊ ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး ပြည်သူလူထုအား လက်ဆေးရည်ဝေငှတာတွေ၊ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးတာတွေ၊ လုပ်ဆောင်သွားမှာပါ”ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဉက္ကဋ္ဌ ဦးကျော်မင်းက ပြောသည်။

 

အလားတူ ပုသိမ်ကြီးမြို့နယ် စည်ပင်သာယာရုံးဝင်းအတွင်း၌ ယနေ့ မွန်းလွဲ ၂ နာရီက ရောင်းချပေးခဲ့ပြီး မတ် ၂၀ ရက်တွင်လည်း ချမ်းအေးသာစံမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်များတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)