မန္တလေး ဇွန် ၂

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိသည်။  
         
ထိုသို့ ကျောင်းတက်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ကျ ဆရာ၊ ဆရာမများက ကျောင်းဝင်ပေါက်အသီးသီး၌ ကိုယ်အပူ ချိန်တိုင်းတာပေးခြင်း၊ Mask နှင့် Face Shield များ တပ်ဆင်ထားခြင်းရှိ၊ မရှိ စစ်ဆေးခြင်း၊ တပ်ဆင်ထားခြင်းမရှိပါက အသင့်ထားရှိသည့် Mask များ တပ်ဆင်စေ ခြင်း၊ ကျောင်းအတွင်းရှိ လက်ဆေးဘေစင် များတွင် စနစ်တကျ လက်ဆေးစေခြင်း တို့ကို  ကြီးကြပ်ဆောင်ရွက်ပေး လျက်ရှိသည်။

အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသ ကြီး ပညာရေးမှူးရုံးမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဉီးစန်းအောင် က “ဒီနေ့ဆို အခြေခံ ပညာကျောင်းတွေ စတင်ဖွင့်လှစ်ပြီး သင်ကြားရေး လုပ်ငန်းတွေကို ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ကျွန်တော်တို့တိုင်းဒေသကြီးအတွင်းမှာ ကျောင်းအပ်နှံ ရေးနေ့ အဖြစ် သတ်မှတ် ထားတဲ့ မေ ၂၆ ရက် ကနေ ဇွန် ၁ ရက်အထိ ကျောင်းသား၊ ကျောင်းသူပေါင်း ၅၈၀၀၀၀ ကျော် လက်ခံထားပြီးဖြစ်ပါတယ်။  ယခင်နှစ်က ကျောင်း သား၊ ကျောင်းသူ အင်အား ၅၂၀၀၀၀ ကျော် ရှိတဲ့အနေအထားနဲ့ ဆို ဒီနှစ်မှာ ကျောင်းသား၊ ကျောင်းသူ ၆၀၀၀၀ ကျော် ပိုမိုတိုးတက်အပ်နှံထားတယ်ဆိုတာ တွေ့ရှိရပါတယ်။ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်မှာ ကျောင်းသား၊ ကျောင်းသူတွေအတွက် ကိုဗစ် - ၁၉ ကြိုတင် ကာကွယ် ရေးညွှန်ကြားချက်များနဲ့အညီ အခြေခံပညာကျောင်းတွေ ကိုပြင်ဆင်ထားပါ တယ်။ နောက်ပြီး လုံခြုံရေးပိုင်းမှာဆိုလည်း ကျောင်းတွေမှာ သက်ဆိုင် ရာကျောင်းသား၊ ကျောင်း သူများ စနစ်တကျ ဝင်ထွက်နိုင်ဖို့၊ မသက်ဆိုင်သူတွေ ဝင်ရောက်ခြင်းကို စောင့်ကြည့် ကာကွယ်နိုင်ဖို့ တာဝန်ချထားပါတယ်။ ကျောင်းပြင်ပမှာတော့ သက်ဆိုင်ရာ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရဲ့ညွန်ကြားချက်နဲ့ပဲ လုံခြုံရေးတာဝန်ရှိ သူတွေ၊ ဒေသအာဏာပိုင်  အဖွဲ့ အစည်းတွေနဲ့ မိဘဆရာအသင်းတွေ ပေါင်းစပ်ပြီး ကျောင်း ပတ်ဝန်းကျင် လုံခြုံရေးကို လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။
         
ကျောင်းအပ်လက်ခံတဲ့ရက်ကိုလည်း နောက်ဆုံးရက်ဆိုပြီး သတ်မှတ်ထားတာမရှိ ပါဘူး။ ဒီနေ့ကျောင်းတက်ရတဲ့ရက်မှာလည်း ကျောင်းလာအပ်တဲ့သူတွေကို စနစ်တကျ လက်ခံသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကာလမှာ ကိုဗစ် - ၁၉ ကြောင့်ကျောင်းပိတ်ထားရ တဲ့အခြေအနေတွေရှိပါတယ်။ ဒါကြောင့် ကျောင်းနေရမယ့်ကလေးတွေ စာသင်ခန်းနဲ့ ကင်းဝေးသွားတဲ့အခါမှာ ကျောင်းသား၊ ကျောင်းသူများရဲ့ ပညာသင်ယူခွင့် အခွင့်အလမ်း ၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေ ထိခိုက်ပါတယ်။ အခုပညာသင်နှစ်မှာ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ဖို့ နိုင်ငံတော်ကလည်း အခမဲ့ပညာရေးစနစ်သတ်မှတ် ထားသလို ကျောင်းဝတ်စုံတွေပါ ထောက်ပံ့ဖို့ အစီအမံရှိပါတယ်။ မိဘများအနေနဲ့ ကျောင်း နေအရွယ်ကလေးအားလုံး စာသင်ခန်းတွေဆီရောက်အောင်ဆောင်ရွက်ပေးကြ ဖို့ မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်”ဟုပြောသည်။
      
 ထို့ပြင်ချမ်းအေးသာစံမြို့နယ်ရှိ  အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာ သန်းထိုက်စိုး ကလည်း “ကျွန်တော့်ကျောင်းမှာ ကျောင်း တက်ရောက်မှုအနေနဲ့ မနှစ်ကထက် ကျောင်းသား အင်အားများပါတယ်။ လက်ရှိ လည်း ကျောင်းအပ်နှံနေဆဲဖြစ်ပါတယ်။ လက်ရှိမှာကျောင်းသား၊ ကျောင်းသူ ဦးရေ ၃၀၀၀ နီးပါး ရှိနေပါပြီ။ ဇွန်လ အတွင်းမှာလည်း ကျောင်းအပ်နှံမှုကို ဆက်လက် လက်ခံပေးနေမှာ ဖြစ်ပါတယ်။  သင်ကြားရေးကိုလည်း အရှိန်အဟုန်နဲ့ ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ ဒီနှစ် ထူးခြားမှုအနေနဲ့ သင်ရိုးသစ် ၃ခုရှိပါမယ်။ ကျွန်တော်တို့နိုင်ငံရဲ့ သင်ရိုးသစ်တွေက နိုင်ငံတကာစံချိန်စံညွန်းတွေနဲ့ စနစ်တကျ ရေးဆွဲထားတာဖြစ်ပါတယ်။ သင်ရိုးတွေနဲ့ အသားကျသွားပြီဆိုရင် ကျွန်တော်တို့ရဲ့ ပညာရေးက ဘာမှ အပြစ်ပြော စရာမရှိ တော့ပါဘူး။ ကိုဗစ် - ၁၉ ကာကွယ်ရေး အတွက်လည်း ဒီနေ့မှာပဲ KG တန်းတွေကို စတင် ဆေးထိုးဖို့ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ကလေးငယ်တွေဟာ စာသင်ကြားဖို့လိုတယ်။ သူတို့ ရဲ့ အသက်အရွယ်ကို ဘယ်သူက မှဟန့်တားထားလို့မရဘူး။ သင်ကြား သင်ယူခွင့် ရှိတဲ့ နေရာမှာ သင်ကြားသင်ယူမှုကို လုပ်ကိုလုပ်ရမယ်။ ဒါကြောင့် အားလုံးကို ဖိတ်ခေါ် ပါတယ်”  ဟုပြောသည်။
        
မန္တလေးမြို့ရှိ သက်ဆိုင်ရာ ကျောင်းအသီးသီး၌ စာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများ အတွက် ပျော်ရွှင်စရာကောင်းသည့် သင်ကြား၊ သင်ယူမှု ပတ်ဝန်းကျင် ကောင်းဖြစ်စေရန် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ် အလိုက် ပူးပေါင်းအဖွဲ့ များက ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းရေးများဆောင်ရွက် ထားခြင်း၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး ဆောင်ရွက်ထားခြင်းနှင့် ကိုဗစ် - ၁၉ စည်းကမ်း ချက်များနှင့်အညီ စာသင်ခုံများနေရာချထားခြင်း တို့ကိုလည်း ဆောင်ရွက်ထား သည်ကို တွေ့မြင်ရသည်။
         
ကျောင်းသားမိဘတစ်ဉီးဖြစ်သူ ဦးအေးမင်း က “ မိဘတွေက သားသမီးတွေရဲ့ ပညာရေးကို အလေးအနက်ထားသလို နိုင်ငံအတွက်လည်း ပညာရေးက အဓိကကျတယ်။ ဒီကလေး တွေဟာ အနာဂတ်မှာ နိုင်ငံကို ဉီးဆောင်ကြမှာဖြစ်တဲ့အတွက် နိုင်ငံနဲ့လူမျိုး အတွက် ကျောင်းလာအပ်ဖို့လိုအပ်ပါတယ်။ ကျွန်တော့်လိုပဲ တခြားမိဘတွေဟာ မိမိတို့ သားသမီး တွေကို ကျောင်းလာအပ်နှံကြတာတွေ့ရတဲ့အတွက် ဝမ်းသာမိပါတယ်။ ပညာ ရေးကို အလေးအနက်ထား ကျောင်းအပ်နှံပြီး ကျောင်းတက်ကြဖို့ ဖိတ်ခေါ်ကြို ဆိုပါတယ်” ဟုပြောသည်။
         
ကျောင်းလာတက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်း ရှင်းစေပြီး လုံခြုံစိတ်ချစွာဖြင့် ပညာသင်ကြားနိုင်ရန်အတွက်လည်း မန္တလေးမြို့ရှိ အဓိကလမ်းမကြီးများနှင့် နီးစပ်သည့် ကျောင်းများ၌ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များက ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် သက်ဆိုင်ရာ မြို့နယ်များ အလိုက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မီး သတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင် များက ကျောင်းတွင်း၊ ကျောင်းပြင် လုံခြုံရေး ဆောင်ရွက်ပေး လျက်ရှိ သည်ကိုလည်း တွေ့မြင်ရသည်။
         
မန္တလေးတိုင်းဒေသကြီးအတွင်း၌ အခြေခံပညာကျောင်း ၄၂၆၈ ကျောင်း၊ ဘုန်း တော်ကြီးသင်ပညာရေးကျောင်း ၁၃၅ ကျောင်းနှင့် ပုဂ္ဂလိကကိုယ်ပိုင် ကျောင်း  ၂၄၁ ကျောင်း ရှိကြောင်း သိရှိရသည်။ 

မောင်အေးချမ်း