မန္တလေး ၅  ဖေဖော်ဝါရီ

 

အမေရိကန်ကုမ္ပဏီများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက်မှု ရရှိစေရေးအတွက် အထောက်အကူပြုရန် ရည်ရွယ်၍ အမေရိကန်ကုန်သည်ကြီးများ အသင်းနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ အမေရိကန် စီးပွားရေးပြပွဲ(U.S Business Showcase)ကို မန္တလေးမြို့၊ သိပ္ပံလမ်းပေါ်ရှိ Mandalay Convension Center  တွင် ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။

 

အဆိုပါ ပြပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သံအမတ်ကြီး H.E Scot Marcial နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် တို့က အမှာစကားပြောကြားသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကျော်မင်းက အမေရိကန်စီးပွားရေးပြပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ၎င်းနောက် တာဝန်ရှိသူများက ခင်းကျင်းပြသထားသော ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုသည်။

 

အဆိုပါ ပြပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သံအမတ်ကြီးနှင့် အမေရိကန်ပြည်ထောင်စုနှင့်ဒေသတွင်းရှိ ကုမ္ပဏီ ၁၃ ခုမှ ကိုယ်စားလှယ်များ၊ အမေရိကန် ကုန်သည်ကြီးများအသင်း (မြန်မာ)၊ အမေရိကန်ကူးသန်းရောင်းဝယ်ရေး ဝန်ဆောင်မှုအဖွဲ့များမှ ကိုယ်စားလှယ်များ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

 

ပြပွဲတွင် နည်းပညာလုပ်ငန်းများ၊စားသောက်ကုန်ထုတ်လုပ်သည့် ဝန်ဆောင်မှုနှင့်ဆိုင်သော အကြံပေး လုပ်ငန်းများ၊Fitness လုပ်ငန်းများ၊ သတ္ထူတူးဖော်ရေးလုပ်ငန်းများ၊ အိမ်ခြံမြေလုပ်ငန်းများ၊ ဘဏ်နှင့် ဘဏ္ဍာရေးလုပ်ငန်းများမှ ကုမ္ပဏီများ၏ ကိုယ်စားလှယ်များနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များက စီးပွားရေးဆိုင်ရာများအား တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)