မန္တလေး ၁၃  ဇူလိုင်  
 
 
စွန့်ပစ်အမှိုက်ကျင်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှုမဖြစ်ပေါ်စေရေးအတွက် Level 4 Sanitary Landfill စီမံကိန်းကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကြာနီကန်ကျေးရွာအနီးရှိ ကျောက်ကြမ်းတောင်ဒေသတွင်  စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
          

မန္တလေးမြို့၏ နေ့စဉ်ထွက်ရှိသည့် စွန့်ပစ်အမှိုက်များအား အဆိုပါမြို့နယ်ရှိ ကျောက်ကြမ်းတောင် အမှိုက်ကျင်းနေရာတွင် စုပုံစွန့်ပစ်လျက်ရှိရာ လက်ရှိအခြေအနေတွင် နေရာမလုံလောက်မှုကြောင့် တိုးချဲ့ဆောင်ရွက်ခြင်းအပြင် အဆိုပါ စွန့်ပစ်အမှိုက်များမှ ထွက်ရှိလာသည့် ရေဆိုးများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှုမရှိစေရန် ရည်ရွယ်၍ ယခုစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က အဆိုပါ စီမံကိန်း လုပ်ငန်းခွင်သို့ လာရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားသည်။

 

1


''အမှိုက်ပုံဟောင်းတွေကနေ ထွက်လာတဲ့ Leachate (ရေဆိုး)က မြေအောက်ရေကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေတဲ့အတွက် ထွက်လာမယ့် ရေဆိုးတွေကို မြေကြီးထဲ စိမ့်မဝင်အောင် ပိုက်တွေနဲ့ စုဆောင်းပြီး Leachate Treatment Plant နဲ့ သန့်စင်အောင် ပြုလုပ်သွားမှာပါ။ တစ်နာရီကို ရေဆိုး ဂါလန် ၅၀ဝဝ သန့်စင်နိုင်မယ့်  Leachate Treatment Plant အတွက် လာမယ့် ဘတ်ဂျက်မှာ လျာထားပြီးပါပြီ။ Ground Water Collection Pipe တွေကို (630mm) Perforated HDPE main pipes ပေ ၉၀ဝ နဲ့ 315mm HDPE branch pipes ပေ ၂၁၀ဝ နဲ့ စုဆောင်းရယူမှာပါ။ အမှိုက်ကထွက်လာမယ့် မီသိန်းဓာတ်ငွေ့တွေကိုလည်း စုဆောင်းပြီး generator နဲ့လျှပ်စစ် 75kw ထုတ်လုပ်မှာပါ။ အမှိုက်ကျင်းမှာ ပြန်သုံးဖို့ပါ။ တစ်နာရီကို အမှိုက် ၂၅ တန်ကနေ တန် ၅၀ အထိ အမှိုက် ၈ မျိုးကို ခွဲခြားရွေးနိုင်မယ့် waste sorting plant အတွက်လည်း မြေညှိတဲ့လုပ်ငန်းတွေ စတင်နေပြီ။ ဒီစီမံချက်အတွက် တင်ဒါလည်းခေါ် ပြီးသွားပါပြီ။ အားလုံးပြီးစီးသွားရင် အမှိုက်တန်ချိန် ၄ သိန်း ၆ သောင်းကို လက်ခံဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ် ''ဟု မြို့တော်ဝန်က ဆက်လက် ရှင်းလင်းပြောဆိုသည်။


လက်ရှိတွင် အဆိုပါဒေသ၌ စီမံကိန်းတွင် ပါဝင်သည့် အမှိုက်များမှ ထွက်ရှိလာမည့် ရေဆိုးများ မြေအောင်သို့ စိမ့်မဝင်နိုင်စေရန် 2mm အထူရှိ geomembrane PE sheet ကို စတုရန်းပေ ၃ သိန်း ၃ သောင်းကျော် ခင်းကျင်းဆောင်ရွက်ခြင်း မိုးရေနှင့် ပတ်ဝန်းကျင်ရှိ လယ်မြေများမှ စိမ့်ဝင်လာနိုင်သော မြေအောက်ရေများ geomembrane ပေါ် ရောက်ရှိမလာစေရန် အခင်းများအောက်တွင် seepage and ground water collection pipe အား ပေ ၃ ထောင်ကျော် တပ်ဆင်ခြင်းနှင့် ပိုက်အတွင်း ဝင်ရောက်လာမည့် မြေအောက်ရေများအား စုပ်ထုတ်ရန် sensor type submersable pump သုံးခု တပ်ဆင်ခြင်း လုပ်ငန်းများအပြင် ရေဆိုးများ စုဆောင်းနိုင်ရန် ဂါလန် ၁ သိန်း ၅ သောင်းဆံ့ ကွန်ကရစ်ကန် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

1


ယခုအကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းသည် မန္တလေးမြို့တော် စွန့်ပစ်အမှိုက်စီမံချက် Waste Management Strategy and Action Plan for Mandalay City 2017-30 စီမံချက်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ကြောင်း သိရသည်။


မင်းထက်အောင်(မန်းကိုယ်ပွား)