မန္တလေး ၂၈  နိုဝင်ဘာ

 

မန္တလေးမြို့တွင် အမှတ်(၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဦးဆောင်၍ အလှူရှင်များ၏ ပံ့ပိုးလှူဒါန်းမှုဖြင့် ဆိုင်ကယ်စီး ဦးထုပ်များ အခမဲ့ ဖြန့်ဝေ၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများကို နိုဝင်ဘာ ၂၈ ရက် နံနက် ၈ နာရီခွဲက မန္တလေးမြို့ ကျုံးတောင်ဘက်ခြမ်း ၂၆ လမ်း ၇၁ လမ်းနှင့် ၇၂ လမ်းကြားတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယာဉ်လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ဆိုင်ကယ် စီးနင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များနှင့် ပြည့်စုံခြင်း ရှိ၊ မရှိကို စစ်ဆေးကာ သတ်မှတ် စည်းကမ်းချက်များနှင့် ပြည့်စုံသူများကိုသာ ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း ချမ်းအေးသာစံ မြို့နယ်မှ ရဲအုပ် အေးဇော်ဝမ်းက ပြောသည်။

 

''ဆိုင်ကယ်စီးနင်းသူတွေ စည်းကမ်းလိုက်နာပြီး အသက်အန္တရာယ် ကင်းဝေးစေဖို့ ဦးထုပ်တွေ အခမဲ့ ပေးဝေခြင်း ဖြစ်ပါတယ်။ ဒီလိုပေးဝေတဲ့အခါမှာလည်း အသိပညာပေးလုပ်ငန်းတွေအနေနဲ့ ဆိုင်ကယ် တစ်စီးမှာ ရှိရမယ့် တပ်ဆင်ထားမှုတွေ ပြည့်စုံမှုရှိရဲ့လားဆိုတာ အရင်ဆုံး စစ်ဆေးပါတယ်။ ဒါအပြင် ဦးထုပ်ဆောင်းထားသူနဲ့ ယာဉ်မောင်းလိုင်စင်ရှိသူတွေကို စစ်ဆေးရွေးချယ်ပြီး ဂုဏ်ပြုတဲ့အနေနဲ့ ဆိုင်ကယ်စီး ဦးထုပ်တွေကို အခမဲ့ ဖြန့်ဝေပေးတာ ဖြစ်ပါတယ် '' ဟု ၎င်းက ပြောသည်။

 

ထို့ပြင် ဆိုင်ကယ်စီးဦးထုပ်များလှူဒါန်းသည့် မျိုးသိမ်းအီလက်ထရောနစ်လုပ်ငန်းမှ အလှူရှင် ဦးမျိုးသိမ်း ကလည်း ''ဆိုင်ကယ်စီးနင်းသူတွေ ဦးထုပ်ဆောင်းခြင်းဖြင့် အသက်အန္တရာယ်ကို ကာကွယ်နိုင်စေဖို့ ရည်ရွယ်ပြီး တရုတ်နိုင်ငံထုတ် ဆိုင်ကယ်စီးဦးထုပ် အလုံးရေ တစ်သောင်းကို မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မြို့ပေါင်း ၄၀ မှာ ဖြန့်ဝေပေးနိုင်ဖို့ လှူဒါန်းခြင်း ဖြစ်ပါတယ်။ မန္တလေးမြို့မှာတော့ အလုံးရေ ၆၀ဝ ကို လူသွားလာမှု အများဆုံး လမ်းတွေနဲ့ စာသင်ကျောင်းတွေမှာ အသိပညာပေးမှုတွေနဲ့အတူ အခမဲ့ ဖြန့်ဝေ လှူဒါန်းသွားမှာပါ ''ဟု ပြောသည်။

 

အဆိုပါ ဆိုင်ကယ်စီးဦးထုပ် အခမဲ့ဖြန့်ဝေခြင်းနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ပညာပေးလုပ်ငန်း အစီအစဉ်အား နိုဝင်ဘာ ၂၈ ရက်မှ ၂၉ ရက်အထိ မန္တလေးခရိုင်အတွင်း မြို့နယ်အလိုက် အလှည့်ကျ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ- အောင်ဖြိုးကျော်