မန္တလေး ၁၁ ဒီဇင်ဘာ 

စိုက်ပျိုရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အ‌သေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ စတုတ္ထအကြိမ်မြောက် အသေးစားစက်မှုလက်မှုနှင့် မြန်မာ့ရိုးရာ ပန်း ၁၀ မျိုး လက်မှုအနုပညာ ထုတ်ကုန်ပစ္စည်းပြပွဲ ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲကို နိုင်ငံတော်၏ စီးပွားရေးအင်အားတစ်ရပ်ဖြစ်သော အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အသေးစား၊ အလတ်စား၊ စက်မှုလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အသေးစား စက်မှုလက်မှုထုတ်ကုန်များ၊ ပြည်တွင်းပြည်ပ ဈေးကွက်ပိုမိုရရှိစေရန် နည်းပညာနှင့် ငွေကြေးအရင်းအနှီး ပိုမိုရရှိရေး အထောက်အကူဖြစ်စေရန် မြန်မာ့ရိုးရာ လက်မှုအနုပညာလုပ်ငန်းများ၊ တိမ်ကောပပျောက်မှု မရှိစေရန်နှင့် ထိန်းသိမ်းမြှင့်တင်နိုင်စေရန်၊ အသေးစားလုပ်ငန်းများနှင့် ထုတ်ကုန်များအား ပြည်သူများ ပိုမိုသိရှိစေရန်နှင့် နိုင်ငံတော်မှ အားပေးဆောင်ရွက်လာစေရန် စံချိန်စံညွှန်းမီ ထုတ်ကုန်များနှင့် အမည်သစ်လုပ်ငန်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၁၁ ရက်က ကျင်းပသည့် အဆိုပါပြပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ အ‌သေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ဦးစီးမှူး ဦးအောင်သင်းက ပြောသည်။

''ကျွန်တော်တို့ရဲ့ ပြပွဲဟာ တစ်နှစ်ထက်တစ်နှစ် ပြခန်းအရေအတွက်တွေ ပိုမိုများပြားစွာ ပါဝင်ပြသမှုတွေ ရှိလာတဲ့အပြင် ပြသထားတဲ့ ထုတ်ကုန်ပစ္စည်းတွေကိုလည်း စိတ်ဝင်တစား လာရောက်လေ့လာကြပြီး နှစ်ခြိုက်စွာ ဝယ်ယူအားပေးမှုတွေကို ကြည့်ခြင်းအားဖြင့် တိုးတက်မှုရှိတယ်လို့ ပြောနိုင်ပါတယ်။ မနှစ်က ပြပွဲမှာ အဓိကပြကွက်အနေနဲ့  မြန်မာ့ရိုးရာပန်း ၁၀ မျိုးထဲက ရွှေဆိုင်းထုတ်လုပ်ပုံအဆင့်ဆင့်ကို အစအဆုံးပြသခဲ့ပြီး ဒီနှစ်မှာတော့ မြန်မာ့ရိုးရာ လက်မှုပညာရပ်ရဲ့ ယွန်းပစ္စည်း ထုတ်လုပ်ပုံအဆင့်ဆင့်ကို အဓိက ပြသပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ပြပွဲကို လေ့လာအားပေးရင်း ဖျော်ဖြေပွဲတွေမှာ လာရောက်အပန်းဖြေကြဖို့ ဖိတ်ခေါ်ပါတယ်'' ဟု ၎င်းက ပြောသည်။

ပြပွဲတွင် ပန်း ၁၀ မျိုး လက်မှုအနုပညာထုတ်ကုန်ပြခန်း၊ ပြည်တွင်း စားသောက်ကုန်ပစ္စည်းပြခန်း၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းပြခန်း၊ အထွေထွေထုတ်ကုန်ပစ္စည်းပြခန်းနှင့် နည်းပညာပေးပြခန်းများကို ပြခန်းပေါင်း ၁၂၅ ခန်းဖြင့် ခင်းကျင်းပြသသွားမည်ဖြစ်ပြီး ပြပွဲကို နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ပြသသွားမည်ဖြစ်သည်။

ထို့ပြင် စတုတ္ထအကြိမ်မြောက် ကျင်းပမည့် အသေးစားစက်မှုလက်မှုနှင့် မြန်မာ့ရိုးရာပန်း ၁၀ မျိုး လက်မှုအနုပညာ ထုတ်ကုန်ပစ္စည်းပြပွဲ ဈေးရောင်းပွဲတော်တွင် လာရောက်လေ့လာ အားပေးကြည့်ရှုသူများ စိတ်အပန်းဖြေမှု ရရှိစေရန် ဖျော်ဖြေရေးအစီအစဉ်များကိုလည်း ပြပွဲကာလအတွင်း ညနေ ၅ နာရီမှ ည ၉ နာရီအထိ ထည့်သွင်းဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)