မန္တလေး ၄ ဒီဇင်ဘာ
မန္တလေးမြို့တွင် ဒုတိယအကြိမ်အဖြစ် ဂရပ်ဖစ်ဒီဇိုင်းပြပွဲ Myanmar Graphic Design Exhibition (Mandalay) ကို “ဒီဇိုင်းကပြောသော လူမှုဘဝဆက်ဆံရေး” “Design-Talk about Communication” အမည်ဖြင့် သုံးရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂရပ်ဖစ် ဒီဇိုင်းအသင်းထံမှ သိရသည် ။
ဂရပ်ဖစ်ဒီဇိုင်းပြပွဲကိုမန္တလေးမြို့ ၈၄လမ်း၃၁လမ်းထောင့်ရှိ ဓမ္မသာလာခန်းမ၌ ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၁၇ နေ့မှ ၁၉ရက်ထိ ကျင်းပပြသသွားမည်ဖြစ်သည် ။
" ရန်ကုန်မှာ ဒီလထဲပြပွဲကျင်းပမယ်။ ပြီးရင်မန္တလေးမှာ ကျင်းပမှာပေါ့။ မန္တလေးမှာ ဒီဇိုင်းပညာဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဒီဇိုင်းနာတွေနဲ့ လုပ်ငန်းရှင်တွေအကြားမှာ ပူးပေါင်း ဆောင်ရွက် တာတွေ ပိုများလာပြီး ပိုအကျိုးဖြစ်ထွန်းဖို့ ရည်ရွယ်ပြီး ကျင်းပတာပါ " ဟု အဆိုပါ အသင်း မန္တလေးတိုင်းဒေသကြီးတာဝန်ခံဒီဇိုင်းနာ ကိုမျိုးညီညီထွန်းက ပြောသည် ။
ဒီဇိုင်းပြပွဲသို့ ပါဝင်ပြသလိုသည့် ဂရပ်ဖစ် ဒီဇိုင်းနာများအနေဖြင့် ပြပွဲဝင် ဂရပ်ဖစ် ဒီဇိုင်းများကို ရန်ကုန်မြို့ မြန်မာနိုင်ငံ ဂရပ်ဖစ်ဒီဇိုင်းအသင်း (Myanmar Graphic Design Association-MGDA)သို့ ဒီဇင်ဘာလ ၃၁ရက်နေ့ နောက်ဆုံးထား၍ ပေးပို့နိုင်ပြီး ဒီဇိုင်းချိုတူးမောင် ( ဝ၉၄၄၃၆၅၄၂၅၂)၊ ဒီဇိုင်းကိုမျိုးညီညီထွန်း (ဝ၉ ၉၆၄၃၀၆၂၄၃) သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည် ။
တတိယအကြိမ်မြောက် မြန်မာဂရပ်ဖစ်ဒီဇိုင်းပြပွဲကို ရန်ကုန်မြို့ ရှိ အမျိုးသားပြတိုက်၌ လာမည့် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှ ၈ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည် ။
မြန်မာနိုင်ငံ ဂရပ်ဖစ်ဒီဇိုင်းအသင်း (Myanmar Graphic Design Association-MGDA)ကို ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဂရပ်ဖစ် ဒီဇိုင်းပြပွဲများကို ရန်ကုန်မြို့တွင် ၂၀၁၇ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၈ ခုနှစ်တွင်တစ်ကြိမ် စုစုပေါင်း ၂ ကြိမ်ကျင်းပခဲ့ပြီး ဖြစ်ပါသည်။၂၀၁၈ခုနှစ်တွင် တောင်ကိုရီးယား နိုင်ငံ၌ ကျင်းပခဲ့သည့်ဒီဇိုင်းပြပွဲသို့ မြန်မာဂရပ်ဖစ် ဒီဇိုင်းနာ ၁၀ ဦးသွားရောက် ပြသနိုင်ခဲ့၍ တောင်ကိုရီးယားနိုင်ငံနှင့် နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေး စာချုပ် MOU ရေးထိုးချုပ်ဆို နိုင်ခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည် ။
သူရိန်လင်း