မန္တလေး ၂၇ ဇူလိုင်
မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေသည် ဆက်လက်မြင့်တက်လျက်ရှိရာ ဇူလိုင် ၂၇ ရက် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ၁၂၄၄ စင်တီမီတာ (၂၃၀ ဒသမ ၂၂) ပေသို့ ရောက်ရှိလာရာ စိုးရိမ်ရေအမှတ် ၁၂၆၀ စင်တီမီတာ (၂၃၀ ဒသမ ၇၄)ပေသို့ ရောက်ရှိရန် (၁၆)စင်တီမီတာခန့်သာ လိုတော့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မြစ်ရေသည် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းတာချက်များအရ မန္တလေးဆိပ်ကမ်းတွင် ဇူလိုင် ၂၃ ရက်တွင် ၁၁၉၉ စင်တီမီတာ၊ ၂၄ ရက်တွင် ၁၂၉၈ စင်တီမီတာ၊ ၂၅ ရက်တွင် ၁၂၁၇ စင်တီမီတာ၊ ဇူလိုင် ၂၆ ရက်တွင် ၁၂၃၈ စင်တီမီတာနှင့် ယနေ့ဇူလိုင် ၂၇ ရက် တိုင်းထွာချက်အရ ၁၂၄၄ စင်တီမီတာသို့ ရောက်ရှိလာရာ စိုးရိမ်ရေအမှတ် ရောက်ရှိရန် (၁၆) စင်တီမီတာ (၆ လက်မကျော်) ခန့်သာ လိုတော့ကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှလည်း ဧရာဝတီမြစ်ရေသည် နောက်(၃)ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း ဇူလိုင် ၂၆ ရက်က ကြေညာထားရှိပြီး မြစ်ကမ်းအနီးနေရာများနှင့် မြေနိမ့်ပိုင်းများတွင် နေထိုင်သူများအနေဖြင့် သတိပြုကြရန် သတိပေးထားသည်။
“ဒီနှစ်က ဝါထပ်လို့ ခုအချိန်က ပုံမှန်ဆိုရင် ဝါခေါင်လပေါ့၊ ရှေးအယူအဆအရ ဝါထပ်နှစ်မှာ တခြားနှစ်တွေထက် မြစ်ရေပိုတိုးတယ်။ လက်ရှိမြစ်ရေတက်ပြီးရင် ပြန်ကျသွားပြီး လာမယ့် ဝါခေါင်မှာ မြစ်ရေတက်လာအုံးမယ်။ အဲဒီကြမှ အောင်ရေလို့ခေါ်တယ်” ဟု ကမ်းနားလမ်းတွင် နှစ်ပေါင်း (၂၀)ကြာ နေထိုင်ခဲ့သူ ဦးသိန်းလွင်က ပြောပြ၍ သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


