မန္တလေး ၁၇ ဖေဖော်ဝါရီ
ကျောင်းစာကြည့်တိုက်စီမံခန့်ခွဲမှုလက်စွဲ စာအုပ်မိတ်ဆက်ပွဲနှင့် ကျောင်းသားများ၏ အောင်မြင်မှုအပေါ် ကျောင်းစာကြည့်တိုက်များ၏ အကျိုးသက်ရောက်မှု စကားဝိုင်းကို မန္တလေးတောင်ခြေရှိ Mercure Mandalay Hill Resort ဟိုတယ်တွင် ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာနှင်းနှင့် အာရှဖောင်ဒေးရှင်း အထူးစီမံကိန်းများယူနစ်မှ မန်နေဂျာ ဒေါ်မီကီကျော်မြင့်တို့က အမှာစကားပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်အသင်းနာယက ဒေါ်ခင်နှင်းဦးနှင့် ဉက္ကဌ ဒေါ်အဝင်းတို့က ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှုလက်စွဲ စာအုပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကျောင်းသားများ၏ အောင်မြင်မှုအပေါ် ကျောင်းစာကြည့်တိုက်များ၏ အကျိုးသက်ရောက်မှု စကားဝိုင်းဆွေးနွေးပွဲအား ဆက်လက်ကျင်းပရာ ရတနာပုံတက္ကသိုလ် စာကြည့်တိုက်နှင့်သုတပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာစန္ဒာဦး၊ အ.ထ.က(၁၆) မှ ကျောင်းအုပ်ကြီး ဒေါက်တာသန်းထိုက်စိုး၊ နတ်မောက်မြို့နယ် အောင်ဆန်း အ.ထ.က မှ အလယ်တန်းပြဆရာမ ဒေါ်လှိုင်လှိုင်ဦးနှင့် ရတနာပုံတက္ကသိုလ် စာကြည့်တိုက်မှူး ဒေါ်အေးအေးမြင့်နှင့် အာရှဖောင်ဒေးရှင်း အထူးစီမံကိန်းများယူနစ်မှ မန်နေဂျာ ဒေါ်မီကီကျော်မြင့်တို့က ဦးစွာဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ဖြေကြားသည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးနှင့် တာဝန်ရှိသူများ၊ အာရှဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)


