မန္တလေး ၁၆ မေ
အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အစီအစဉ်ဖြင့် မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး)နှင့်တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့မှ ဦးဆောင်ဖွင့်လှစ်သော ကိုဗစ်-၁၉ နှင့် ပတ်သက်၍ စေတနာ့ဝန်ထမ်း ဆင့်ပွားသင်တန်းကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကနောင်ခန်းမ ရှိ ရွှေအိုးသင်တန်းခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကိုဗစ်-၁၉ အရေးပေါ်ကာလအတွင်း လူမှုကူညီရေးအသင်းအဖွဲ့များ၊ အစိုးရ မဟုတ်သောအဖွဲ့များ၊ Volunteer အဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်က အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဇော်မင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်းဒေသကြီး)မှ သင်တန်းနည်းပြများက စေတနာ့ဝန်ထမ်းများ အနေဖြင့် လိုက်နာရမည့် ကျင့်ဝတ်များ၊စည်းကမ်းများနှင့်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။
အဆိုပါ ဆင့်ပွားသင်တန်းကို မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်းဒေသကြီး)မှ စေတနာ့ဝန်ထမ်းသင်တန်းဆင်းများက ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသား/သူ(၂၀ဝ)ဦးခန့်အား တစ်ကြိမ်လျှင်(၅၀)ဦးဖြင့် (၄)ကြိမ်ခွဲကာ ဖွင့်လှစ်သင်ကြား သွားမည် ဖြစ်ပြီး သင်တန်းကာလမှာ(၁)ရက်ဖြစ်သည်။
သင်တန်းတွင် Communication ဆက်သွယ်ပြောဆိုမှုဆိုင်ရာ စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးခြင်း၊ မိမိကိုယ်ကိုရောဂါကာကွယ် နည်းလမ်းများ၊ PPE အသုံးပြုပုံနှင့် အမှိုက်စွန့်ပစ်ခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေး အစရှိသည်များကို ပို့ချသွားမည်ဖြစ်ပြီးCOVID-19 နှင့်ပတ်သက်၍ စေတနာ့ဝန်ထမ်း ဆင့်ပွားသင်တန်းများ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ဆက်လက်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


