မန္တလေး ၂၀ နို၀င်ဘာ

မန္တလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်နိုင်သည့် နိုင်ငံတကာအဆင့်မီ Bio Safety Level(2+) အဆင့်ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (Public Health Laboratory-Mandalay) အဆောက်အဦသစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် ၃၅ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြားရှိ အဆိုပါအဆောက်အအုံသစ်တွင် ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြည်သူလူထုအတွက် အလျင်အမြန်လိုအပ်နေသည့် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းသစ်တစ်ခု အချိန်တိုအတွင်း ပေါ်ပေါက်လာသည့်အတွက် မန္တလေးမြို့အတွက်သာမက အထက်မြန်မာပြည်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက်ပါ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးမှုများကို ပိုမိုပြုလုပ်ပေးနိုင်တော့မည် ဖြစ်ကြောင်း၊ ယခင်က Swab နမူနာများကို ရန်ကုန်သို့ပို့ပြီး ဓာတ်ခွဲစစ်ဆေးရာတွင် သုံးလေးငါးရက်ကြာမြင့်ပါကြောင်း၊ ပြည်သူများအတွက် အလျင်အမြန် လိုအပ်နေသည့်အချိန်တွင် လိုအပ်သည့်အရာတစ်ခုကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခြင်းသည် အစိုးရနှင့်အတူ စေတနာရှင် အလှူရှင်များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) အဆောက်အအုံသစ်ကို မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဌေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများဖြစ်ကြသည့် ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ ဒေါက်တာရဲလွင်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းသန်းမြင့်၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မေဝင့်ဝါနှင့် မန္တလေးမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေရှာဖွေရေး ကော်မတီမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် မန္တလေးမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေရှာဖွေရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းတို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

ထို့နောက် တာဝန်ရှိသူများက ကမ္ပည်း မော်ကွန်းအားအမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးပြီး အဆိုပါကော်မတီမှ ဒုတိယဥက္ကဋ္ဌက PHL(Mandalay) နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) ဒုတိယညွှန်ကြားရေးမှူးထံသို့ လွှဲပြောင်းပေးအပ်သည်။

ယနေ့ဖွင့်လှစ်သည့် နိုင်ငံတကာစံချိန်မီ Bio Safety Level (2+) အဆင့် ဓာတ်ခွဲခန်းကို မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်၍ မန္တလေးမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ ရှာဖွေရေးကော်မတီမှ လှူဒါန်းငွေများဖြင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်များနှင့်အညီ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး  အဆောက်အဦ ကုန်ကျငွေ ကျပ်သိန်း ၁၂၀၀၀ ခန့်ရှိကြောင်း၊ ထို့ပြင် ငွေကျပ် သိန်း ၁၃၀၀၀ ကျော်တန်ဖိုးရှိ ကိုဗစ်-၁၉ စစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းများလည်း ပါ၀င်ကြောင်း၊  Public Health Laboratory (Mandalay) အနေဖြင့် တစ်နေ့လျှင် Swab နမူနာ ၁၀၀၀ မှ ၁၅၀၀ ကြားအထိ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)