မန္တလေး ၂၇ မတ်

မန္တလေးမြို့မှ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူသည် ရန်ကုန်မြို့မှ ပြန်လာစဉ် အခြားလူတစ်ယောက် ပါရှိသည်ဟု သိရသည့်အတွက် ၎င်းအား ထပ်မံရှာဖွေနေသည်ဟု မန္တလေးမြို့ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ပြောသည်။

မန္တလေးမြို့သို့ ရောက်ရှိပြီး သုံးဘီးငှားရမ်းချိန်တွင် ရောဂါပိုးတွေ့ရှိခဲ့သူအပါအဝင် နောက်ထပ်မိတ်ဆွေတစ်ယောက်ပါ  ပါဝင်ကြောင်း သုံးဘီးယာဉ်မောင်းက ပြောပြသည့်အတွက် စုံစမ်းနေသည်ဟု သိရသည်။

“သုံးဘီးမောင်းတဲ့သူက သတင်းကြားပြီးနောက် လာဆက်သွယ်တယ်။ ပြီးတော့ ဒီလူနာနဲ့အတူ သူငယ်ချင်းပါပြီး သုံးဘီးပေါ်မှာတင် နေမကောင်းကြောင်း ပြောနေသေးတယ်လို့ပြောတယ်။ အဲ့လူက လမ်းကလက်ဖက်ရည်ဆိုင်မှာ ဆင်းနေခဲ့တယ်လို့ ပြောပြတဲ့အတွက် လူနာကိုချော့ပြီး အဲ့လူကို ဆက်သွယ်ရန် ကြိုးစားပေမယ့် ဖုန်းကဆက်မရဘူး”ဟု ဦးထွန်းထွန်းဦးက ပြောသည်။

ရောဂါပိုးတွေ့ရှိခဲ့သူ လူနာသည် မတ် ၅ ရက်က အမေရိကန်နိုင်ငံကို သွားရောက်ခဲ့ပြီး ၁၉ ရက်နေ့တွင် ပြန်ရောက်ကာ ရန်ကုန်မြို့တွင် တစ်ညအိပ်ပြီး မန္တလေးမြို့ပြန်လာရာ ကျန်းမာရေး မကောင်းသောကြောင့် အပြင်ဆေးခန်းတွင် ကုသနေသူဖြစ်သည်ဟု သိရသည်။ ပုဂ္ဂလိက ဆေးခန်းဆရာဝန်က ဆေးရုံတက်ခိုင်းသောကြောင့် မတ် ၂၅ ရက်တွင် စစ်ဆေးမှုခံယူအပြီး ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြိုးအိ