မန္တလေး ၂၃ ဖေဖော်ဝါရီ
မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့အချုပ် (မန္တလေးတိုင်းဒေသကြီး) မှ ကြီးမှူးကျင်းပသော ကြက်-ငါး တွဲဖက် မွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများ ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မန္တလေးမြို့၊ ၅၉ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ Perfect Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး)ဥက္ကဋ္ဌ ဒေါက်တာကျော်ထင် က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာသက်ခိုင် မှ ကြက်-ငါး တွဲဖက်မွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြား သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ကြက်ဥ၊ ကြက်သား မွေးမြူသူများအသင်းဥက္ကဋ္ဌ ဒေါက်တာနေသူရိန်က ကြက်ဥ၊ ကြက်သား မွေးမြူထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် တက်ရောက်လာသော ကြက်ခြံနှင့် ငါးမွေးမြူရေးလုပ်ကိုင်သူများက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့အချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကြက်၊ ငါး မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။
သန်းဇော်မင်း(ပြန်/ဆက်)


