မန္တလေး ၂၆ ဒီဇင်ဘာ

မန္တလေးမြို့၊ မင်္ဂလာမန္တလေးတွင် ဒီဇင်ဘာ ၂၀ ရက် မှ ၂၂ ရက်ထိ ကျင်းပခဲ့သော အသေးစားစက်မှုလက်မှုနှင့် မြန်မာ့ရိုးရာ ပန်း(၁၀)မျိုး လက်မှုအနုပညာ ထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတွင် သုံးရက်တာကာလအတွင်း ကျပ်သိန်းခြောက်ရာကျော် ရောင်းချနိုင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အသေးစားနှင့် စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သိရသည်။

ပြပွဲနှင့်ဈေးရောင်းပွဲ သုံးရက်တာကာလတွင် ပန်းဆယ်မျိုးပစ္စည်းများက ကျပ်သိန်းသုံးရာကျော်၊ စားသောက်ကုန်ပစ္စည်းက ကျပ်သိန်းတစ်ရာကျော်၊ လူသုံးကုန်နှင့်အလှကုန်က ကျပ်သိန်းသုံးဆယ်ကျော်၊ အခြားအထွထွေပစ္စည်းများက ကျပ်သိန်းတစ်ရာကျော် စုစုပေါင်းကျပ်သိန်းခြောက်ရာကျော် ရောင်းရကြောင်း၊ ပြီးခဲ့သည့်နှစ်က  ကျပ်သိန်းငါးရာကျော်လောက်ပဲ ရောင်းရပြီး ယခုနှစ် ပြခန်းပိုများကြောင်း၊ ပိုလည်းရောင်းချနိုင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အသေးစားနှင့် စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သင်းက ပြောပြသည်။

အဆိုပါ ပွဲတော်တွင် ပန်းဆယ်မျိုး အနုပညာလုပ်ငန်း ပြခန်း (၄၃)ခန်း၊ စားသောက်ကုန် လုပ်ငန်းပြခန်း (၂၄)ခန်း၊ လူသုံးကုန်နှင့် အလှကုန်လုပ်ငန်းပြခန်း (၁၉)ခန်း၊ အထွေထွေလုပ်ငန်းပြခန်း (၂၁)ခန်း၊ နည်းပညာဆိုင်ရာပြခန်း (၁၈)ခန်း ပါဝင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မှတ်ပုံတင်ထားသည့် အသေးစားလုပ်ငန်းများအပြင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများကပါ လာရောက်ပြသရောင်းချခဲ့ကြောင်း သိရပြီး ပြည်ပခရီးသွားဧည့်သည်များမှလည်း လာရောက်လေ့လာ ဝယ်ယူခဲ့ကြကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)

 

akds