မန္တလေး ၇ မတ်
COVID-19 ကြောင့် မန္တလေးမြို့တွင် မတ်လ ၂၅ ရက် မှ ၂၇ ရက်အထိ ကျင်းပမည့် The 2nd Mandalay International Trade Fair & Business Forum 2020 ပွဲအား ရက်ရွှေ့ဆိုင်းလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI)ဉက္ကဋ္ဌဉီးကျော်မင်းက ပြောကြားသည်။
“လတ်တလော COVID-19 ရောဂါ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ကူးစက်ပြန့်ပွားနေတာကြောင့် ပွဲကိုရက်ရွေ့ဆိုင်းလိုက်တာပါ၊ ဒီပွဲက နိုင်ငံတကာ မှ စီးပွားရေးလုပ်ငန်းရှင်တွေကို ဖိတ်ကြားထားတာပါ၊ ရုရှား၊ ဂျာမနီ၊ အိန္ဒိယ၊ တရုတ်နှင့် ဂျပန်နိုင်ငံမှ သံအမတ်ကြီးတွေအပါအဝင် နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင်တွေ ဖိတ်ကြားထားတာဆိုတော့ လာမည့်နိုင်ငံတွေရှိသလို မလာနိုင်တဲ့နိုင်ငံတွေလည်း ရှိနေတယ်၊ ပြန်လည်ကျင်းပမည့်ရက်ကိုတော့ မေလလောက်လို့ အကြမ်းဖျဉ်း သတ်မှတ်ထားပါတယ်” ဟု MRCCI ဉက္ကဋ္ဌ ဦးကျော်မင်း က ပြောခဲ့သည်။
“ဒီပွဲကျင်းပဖို့ ခြောက်လ ခုနစ်လလောက်ကြိုတင်ပြင်ဆင်ခဲ့ရတာပါ၊ ပွဲတော်မှာ နိုင်ငံတကာ သံအမတ်ကြီး တွေရဲ့ စကားဝိုင်းဆွေးနွေးပွဲတွေ၊ ပြည်တွင်းပြည်ပ စီးပွားရေးပညာရှင်တွေရဲ့ စကားဝိုင်းဆွေးနွေးပွဲတွေ၊ နိုင်ငံတကာမှ စီးပွားရေးဆိုင်ရာ ပြခန်းတွေ နဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားဖို့ စီစဉ်ထားတာပါ၊ ကျင်းပဖို့လည်း အဆင်သင့် ဖြစ်နေပါပြီ၊ COVID-19 ကြောင့် ရက်ရွေ့ဆိုင်းလိုက်ရတာပါ၊ ပွဲတော် ကျင်းပမည့် ရက်ကိုပဲ ရွေ့ဆိုင်းလိုက်တာပါ၊ ပွဲကျင်းပမည့်ရက်(၃) ရက်ဆိုတာတော့ မပြောင်းပါဘူး၊ ပြောင်းလဲကျင်းပမည့်ရက်ကို ပြန်လည်ကြေငြာပေးသွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
သန်းဇော်မင်း(ပြန်/ဆက်)


