မန္တလေး ၇ သြဂုတ်
အာဆီယံအစားအစာပွဲတော် ၂၀၁၉ (မန္တလေး)အတွက် သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ Hotel Marvel တွင် ပြုလုပ်ခဲ့သည်။
အဆိုပါပွဲတော်ကို ခရီးသွားကဏ္ဍ တိုးတက်စေရန် ရိုးရာအစားအစာများ မပျောက်ကွယ်စေရန်နှင့် မိုးရာသီကာလ၌ပင် ခရီးသွားများ ပိုမိုဝင်ရောက်နိုင်စေရန် ရည်ရွယ်၍ မန္တလေးကွန်းဗင်းရှင်းစင်တာတွင် သြဂုတ် ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အာဆီယံ နိုင်ငံများနှင့်အတူ ဂျပန်၊ ကိုရီးယား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများမှပါ လာရောက်ပါဝင်ပြသ ရောင်းချသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က ပြောသည်။
''ပထမအကြိမ်အနေနဲ့ ပုဂံမှာ မြန်မာ့ရိုးရာ အစားအစာပြပွဲကို ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ အဓိကအနေနဲ့ ခရီးသွားလုပ်ငန်း မြင့်တင်ဖို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်သွားမှာပါ။ ခရီးသွားလုပ်ငန်းနယ်ပယ်မှာ ဒီလိုမိုးရာသီမှာ ပွင့်လင်းရာသီထက် ခရီးသွားဝင်ရောက်မှု နည်းပါးတတ်ပါတယ်။ ဒါကြောင့် ဒီလိုရာသီမှာ ခရီးသွားတွေ လာရောက်လည်ပတ်နိုင်ဖို့ ရိုးရာအစားအစာပွဲတော်ကို ကျင်းပတာဖြစ်ပါတယ်။ ဒီလိုကျင်းပပေးခြင်းအားဖြင့် နိုင်ငံတကာမှာရှိတဲ့ ခရီးသွား ဧည့်သည်တွေဟာ မြန်မာ့ရိုးရာ အစားအစာတွေကို တစ်နေရာတည်းမှာ စုစည်းပြီး သိရှိမြည်းစမ်းသွားနိုင်မယ့်အပြင် အခြားသူတွေကိုလည်း ဒီလိုရာသီမှာ မြန်မာနိုင်ငံက အစားအစာတွေကို တစ်နေရာတည်းမှာ လေ့လာစားသောက် နိုင်တယ်ဆိုတဲ့ သတင်းစကားကိုပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီနှစ်ပြပွဲမှာ ထူးခြားချက်အနေနဲ့ မြန်မာ့ရိုးရာ အစားအစာပြပွဲကနေ အာဆီယံ အစားအစာပြပွဲအဖြစ် ကျင်းပနိုင်တာ ဖြစ်ပါတယ်။ ဒီလိုကျင်းပခြင်းအားဖြင့် အာဆီယံနိုင်ငံမှာရှိတဲ့ အစားအစာတွေကို နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေသာမက မြန်မာနိုင်ငံက ပြည်သူတွေလည်း မြည်းစမ်းနိုင်မယ့် အခွင့်အရေးတွေ ရရှိနိုင်မှာဖြစ်ပါတယ်'' ဟု ၎င်းက ပြောသည်။
အဆိုပါပွဲတော်တွင် အာဆီယံ ၁၀ နိုင်ငံအနက် ခြောက်နိုင်ငံမှ ပါဝင်ပြသသွားမည့်အပြင် အာဆီယံ အပေါင်းသုံးနိုင်ငံ ဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အာဆီယံ၏ မိတ်ဖက်ဖြစ်သည့် အိန္ဒိယနိုင်ငံမှလည်း ပါဝင်ပြသသွားမည်ဖြစ်ရာ စုစုပေါင်း ၁၀ နိုင်ငံမှ ရိုးရာအစားအစာ ရောင်းချသည့် ဆိုင်ခန်းပေါင်း ၁၁၀ ကျော်နှင့်အတူ အမှတ်တရ လက်ဆောင်ပစ္စည်းနှင့် ဒေသထွက်ကုန်ပစ္စည်းများ ရောင်းချမည့် ဆိုင်ခန်းပေါင်း ၃၀ ကျော် ပါဝင်ပြသရောင်းချသွားမည်ဖြစ်ပြီး နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ကျင်းပသွားမည် ဖြစ်သည်။
မြန်မာနိုင်ငံမှ ပြသရောင်းချမည့် ရိုးရာအစားအစာများကို သက်ဆိုင်ရာ ပြည်နယ်တိုင်းအလိုက် ခွဲခြားထားသည့် ဇုန် ၁၅ ဇုန်မှ အစားအစာ အမျိုးပေါင်း ၇၀ ကျော် ပါဝင်ရောင်းချသွားမည်ဖြစ်ပြီး ရောင်းချမည့် အစားအစာများ ဘေးကင်းလုံခြုံရေး အတွက်လည်း ပါဝင်သည့် ကုန်ကြမ်းပစ္စည်းများအား သက်ဆိုင်ရာ ဒေသအလိုက် ကျန်းမာရေးဌာနများတွင် စစ်ဆေးမှု ခံယူရမည်ဖြစ်ပြီး ပါဝင်ချက်ပြုတ်ပြင်ဆင်မည့် ဝန်ထမ်းများ၏ ကျန်းမာရေး စစ်ဆေးမှုများကိုလည်း ပြုလုပ်သွားမည့်အပြင် ပြသရောင်းချမည့် အစားအစာများ၏ နမူနာပစ္စည်းများကိုလည်း မန္တလေးမြို့တွင် ၃ ရက်ကြာ သိုလှောင်၍ စစ်ဆေးသွားရန်လည်း စီစဉ်ဆောင်ရွက်ထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အာဆီယံ အစားအစာပွဲတော်တွင် ရိုးရာအစားအစာများ ပြသရောင်းချမည့်အပြင် ဧည့်ခံဖျော်ဖြေမှုများအနေဖြင့် မြန်မာ့ဒေါင်းလန်းကြီးဖြင့် ခေတ်အဆက်ဆက် ပြောင်းလဲအသုံးပြုမှုများ ချက်ပြုတ်ခြင်းဆိုင်ရာ အနုပညာတင်ဆက်မှုများ အဖျော်ယမကာ ဖျော်စပ်ခြင်း အနုပညာများကို တင်ဆက်ပြသသွားမည့်အပြင် ရိုးရာအကအလှများဖြင့်လည်း တစ်နေ့လျှင် နှစ်ကြိမ် ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပွဲတော်ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


