မန္တလေး ၁၇ အောက်တိုဘာ

မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ကျင်းပမည့် ကျောက်စိမ်းအရိုင်း၊ အချောထည်နှင့် ကျောက်မျက်ရတနာများအား မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို မန္တလေးမြို့ သိပ္ပံလမ်းပေါ်ရှိ မန္တလေးကွန်ဗင်းရှင်းစင်တာ တတိယထပ်တွင် ယနေ့မွန်းလွဲ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(မန္တလေး)မှ ဥက္ကဋ္ဌ ဦးသန်းဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြပွဲကျင်းပရေးကော်မတီဒုတိယဥက္ကဌ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က မန္တလေးမြို့တွင် ကျင်းပမည့် ကျောက်စိမ်းအရိုင်း၊ အချောထည်နှင့် ကျောက်မျက်ရတနာများအား မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ၎င်းနောက် ပြန်ကြားရေးနှင့် သတင်းလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေေ၀ဖြိုးက ပြပွဲတွင် သတင်းရယူနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် တက်ရောက်လာသော သတင်းမီဒီယာသမားများက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူအသီးသီးက ပြန်လည်ဖြေကြားသည်။

ကျောက်မျက်ရတနာများအား မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် ကျောက်စိမ်းအရိုင်း အတွဲပေါင်း (၃၀၀၀) ကို အောက်တိုဘာ(၁၈)ရက်အထိ လက်ခံပေးသွားမည်ဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်အထိ ကျောက်စိမ်းအရိုင်း တွဲပေါင်း (၂၆၈၉)တွဲ လာရောက်စာရင်းပေးသွင်းထားကြောင်း၊ ပြပွဲတွင် အချောထည်ဆိုင်ခန်း (၂၀၀)ပါဝင်ပြီး ကျောက်မျက်အရောင်းဆိုင် (၄၉)ဆိုင်ပါဝင်ကြောင်း၊ ကျောက်စိမ်းအရိုင်းတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ကြမ်းခင်းဈေးအဖြစ် မြန်မာကျပ်ငွေ (၁၀)သိန်းမှ ကျပ်သိန်း(၃၂၀၀)အထိ သတ်မှတ်ထားကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောက်စိမ်းအရိုင်း၊ အချောထည်နှင့် ကျောက်မျက်ရတနာများအား မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲကို မန္တလေးမြို့ ၇၈ လမ်းပေါ်ရှိ မန္တလေးကွန်ဗင်းရှင်း စင်တာတွင် အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက်အထိ နေ့စဉ် နံနက် နာရီမှ ညနေ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး ပြပွဲဝင်ခွင့်အနေဖြင့် မြန်မာနိုင်ငံသားတစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှင့် နိုင်ငံခြားသား တစ်ဦးလျှင် ငွေကျပ်တစ်သိန်း သတ်မှတ်ထားကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)