မန္တလေး ၁၈ နိုဝင်ဘာ
မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်းတွင် လာမည့်ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ကျင်းပမည့် ခရီးသွားလုပ်ငန်းဆိုင်ရာပြပွဲ Mandalay Travel Fair 2019 တွင် မြန်မာပြည်ဖွားတိုင်းရင်းသားတို့၏ ရိုးရာအက၊ အစားအသောက်နှင့်လူနေထိုင်မှုဓလေ့ပြခန်းများကို ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲတွင် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များအတွက် ခရီးသွားလာရေး လုပ်ငန်း နှင့်ဆက်စပ်သည့် ပြခန်းပေါင်း ၁၀ဝ ခန့် ခင်းကျင်းပြသရန်စီစဉ်ထားပြီး ၎င်းပြခန်းများအနက် မန္တလေးအခြေစိုက် တိုင်းရင်းသား လူမျိုးစုအဖွဲ့၁၂ ဖွဲ့၏ပြခန်းများလည်း ပါဝင်ပြသသွားမည်ဖြစ်သည်။
"ဒီလိုပြပွဲမျိုးမှာ ပါဝင်ဖြစ်တာ ဒါပထမဦးဆုံးပဲ၊ ဒီလိုပါဝင်ဆောင်ရွက်ခြင်းအားဖြင့် တိုင်းရင်းသားတွေ နေထိုင်တဲ့ ပြည်နယ်တွေကို မသွားပဲနဲ့ ဒီပွဲမှာ သူတို့ရဲ့ ယဉ်ကျေးမှုအက အလှတွေကို တစ်စုတစ်ဝေးတည်း တွေ့ရမယ်။ အသုံးအဆောင်နဲ့ ရိုးရာအစားအစာ တွေကိုလည်း တစ်နေရာတည်းမှာ တွေ့မြင်ခံစားခွင့် ရတဲ့အနေအထားမျိုးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ မြန်မာပြည်အနှံ့အပြားမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့စရိုက်တွေကို ဒီပြပွဲကနေ Message ပေးတဲ့ အနေအထားမျိုး သက်ရောက်မှု ရှိစေပါတယ်၊ ဒါကြောင့် ဒီပွဲမှာ ပါဝင်ရခြင်းဖြစ်ပါတယ်။ ဒီလို ပူပေါင်းပါဝင်ခြင်းအားဖြင့် တိုင်းရင်းသားတွေအတွက်ရော နိုင်ငံအတွက်ပါ အကျိုးရှိစေမှာပါ" ဟု မန္တလေး အခြေစိုက် တိုင်းရင်းသား လူမျိုးစုအဖွဲ့ဉက္ကဋ္ဌ ဦးနိုင်မောင်မြင့်က ပြောသည်။
မန္တလေးအခြေစိုက်တိုင်းရင်းသားလူမျိုးစုအဖွဲ့မှာ ၁၈ ဖွဲ့ရှိပြီး ပြပွဲတွင် ပါဝင်မည့်တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့သည် ရိုးရာဓလေ့များ၊ အသုံးအဆောင်နှင့် စားသောက်ကုန်များကို ပြသရောင်းချမည်ဖြစ်ကာ ၎င်းတို့အနက် ခုနစ်ဖွဲ့သည် ရိုးရာအကများဖြင့်လည်း ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။
ပြပွဲကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ပြည်ပခရီးသွားဆိုင်ရာ Outbound ကော်မတီနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်) တို့မှ ကမ္ဘာလှည့်ခရီးသည်များ ပိုမို တိုးတက် ဝင်ရောက်လာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ပြပွဲဖြစ်မြောက်ရေးအတွက် Air KBZ လေကြောင်းလိုင်း၊ New Motion Travel & Tour Co.,Ltd ESifh Business Plus Travel & Tour တို့က ပံ့ပိုးကူညီသွားမည် ဖြစ်သည်။
ပြပွဲကာလအတွင်း နေ့စဉ် နံနက် ၉ နာရီမှ ညနေ၆ နာရီအထိပြုလုပ်သွားမည်ဖြစ်ပြီး ခရီးသွား ဘလော့ကာများ၏ အတွေအကြုံမျှဝေမှုများ၊ ကံစမ်းမဲအစီအစဉ်များ၊ တိုင်းရင်းသားရိုးရာ ယာဉ်ကျေးမှု အကအလှများနှင့် နိုင်ငံကျော် တေးသံရှင်များ၏ ဖျော်ဖြေမှုအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ- အောင်ဖြိုးကျော်


