မန္တလေး ၂   ဒီဇင်ဘာ

 

မန္တလေးမြို့တွင် ဒီဇင်ဘာ ၈ ရက်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည့် သံဃာတော်အပါး သုံးသောင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးအတွက် လိုအပ်သည့် ပြင်ဆင်မှုလုပ်ငန်းများအား အခမ်းအနားကျင်းပမည့် ချမ်းမြသာစည်လေယာဉ်ကွင်းအတွင်း၌ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာ အလှူရှင်များနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဓမ္မကာယဖောင်းဒေးရှင်းအလှူရှင်များ စုပေါင်း လှူဒါန်းကျင်းပခြင်းဖြစ်ပြီး အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ အဆင့်ဆင့် ဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိကြောင်း သံဃာတော်သုံးသောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဌ ဦးစိုးလင်းက ပြောသည်။

 

''အခမ်းအနားကျင်းပမယ့် လေယာဉ်ကွင်းအတွင်းမှာ သံဃာတော်တွေ ထိုင်မယ့်နေရာတွေ လောင်း လှူမယ့် နေရာတွေနဲ့ လှူဖွယ်ပစ္စည်းတွေ ခင်းကျင်းမယ့်နေရာတွေကို စနစ်တကျနဲ့ ကောင်းမွန်စွာ ပြင်ဆင် ထားရှိနိုင်ဖို့ မြေညှိခြင်းလုပ်ငန်းတွေနဲ့ လေယာဉ်ကွင်းအတွင်း ကားဝင်ဖို့အတွက် ထပ်မံတိုးချဲ့ ထားတဲ့ ဝင်ပေါက်လေးခုမှာ ဘေလီတံတားတည်ဆောက်တဲ့လုပ်ငန်းတွေကိုလည်း လုပ်ဆောင်ပြီး နေပါပြီ။ ဒီလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေအားလုံးကို မန္တလေးမြို့တော်စည်ပင်က ကျွန်တော်တို့ ကျင်းပရေး လုပ်ငန်းကော်မတီနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ဒါအပြင် သံဃာသုံးသောင်းအတွက် ထိုင်ခုံတွေ ပြင်ဆင်ဖို့ လှူဖွယ်ပစ္စည်းလက်ခံ သိမ်းဆည်းပြီး နေရာချထား ပေမယ့် အစီအစဉ်တွေနဲ့ အများသုံး သန့်စင်ခန်းတွေ ထားရှိဖို့အတွက် ကြိုတင် ပြင်ဆင်မှုတွေကိုလည်း စတင်လုပ်ဆောင်နေပါပြီး ''ဟု ၎င်းက ပြောသည်။

 

သံဃာတော်သုံးသောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဝေယျာဝစ္စလုပ်ငန်းများအတွက် လုပ်အားပေး အင်အား ၃၀ဝ၀ ဖြင့် လျာထားဆောင်ရွက်သွားမည်ဖြစ်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူချိန်အတွင်း သံဃာတော်များ၏ လှူဖွယ်ပစ္စည်းများအား ကပ္ပိယအဖြစ် ကူညီဆောင်ရွက်ပေးရန် အခြေခံပညာ ကျောင်းများမှ အဌမတန်းနှင့် နဝမတန်းအရွယ် ကျောင်းသားကျောင်းသူ အင်အား ၁၄၀ဝ ကို ချိတ်ဆက်စီစဉ်ထားရှိကြောင်း သိရသည်။

 

ထို့ပြင် အဆိုပါလေယာဉ်ကွင်းအတွင်း၌ အခမ်းအနားကျင်းပမည့် နေ့တွင်အသုံးပြုရန် သံဃာတော် များအတွက် မိုဘိုင်းအိမ်သာ အလုံး ၃၀ အပြင် ရိုးရိုး အိမ်သာ အလုံး ၉၀ ကို ထားရှိပေးနိုင်ရန်နှင့် လူပုဂ္ဂိုလ်များအတွက် ရိုးရိုး အိမ်သာ အလုံး ၉၀ ထားရှိရန် စီစဉ်ဆောင်ရွက် လျက်ရှိသည်။

 

 

လက်ရှိတွင် သံဃာသုံးသောင်း လောင်းလှူပွဲတွင် ပါဝင်လှူဒါန်းလိုသူများအတွက် ဒီဇင်ဘာ ၁ ရက်မှစ၍ မန္တလေးမြို့တွင်း လေးနေရာ၌ အလှူခံမဏ္ဍပ်များ စတင်ဖွင့်လှစ်ပေးထားပြီး သံဃာတော်အပါး တစ်သောင်းနှင့် အထက် လှူဒါန်းလိုသူများ၏ လှူဖွယ်ပစ္စည်းများကိုလည်း ဒီဇင်ဘာ ၁ ရက်မှ ၅ ရက်အထိ လေယာဉ်ကွင်းအတွင်းရှိ ရုံးခန်း၌ လက်ခံသိမ်းဆည်းပေးလျက်ရှိကြောင်း သိရသည်။

 

မန္တလေးမြို့တွင် ကျင်းပမည့် သံဃာအပါး သုံးသောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးတွင် သံဃာတော် များအား ကြုံတောင့်ကြုံခဲ တစ်စုတစ်ဝေးတည်း ဖူးမြော်ခွင့်ရရှိကြမည့်အပြင် သံဃာတော် များ၏ စုပေါင်း ပရိတ်ရွတ်ဆိုသံများကိုလည်း နာယူခွင့်ရရှိကြမည် ဖြစ်ခြင်းကြောင့် မည်သူမဆို ပါဝင်ကြည်ညိုလောင်းလှူကြပါရန် အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီမှ ဖိတ်ခေါ်ထား ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)