မန္တလေးမြို့တွင် လာမည့် တစ်ပတ်အတွင်း မိုးထစ်ချုန်းရွာနိုင်

မန္တလေး ၂၃ မေ

 

မန္တလေးမြို့တွင်း လာမည့်တစ်ပတ်အတွင်း မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (အထက်မြန်မာပြည်) မန္တလေးဌာနခွဲမှ သိရသည်။

 

မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသများတွင် ပြီးခဲ့သည့် ဧပြီလကုန်ခန့်မှစတင်၍ မိုးရွာသွန်းမှုမရှိဘဲ နေ့အပူချိန်များ ဆက်တိုက်မြင့်တက်ခဲ့ရာ လာမည့်တစ်ပတ်အတွင်း မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

 

" ဒီတစ်ပတ်တွင်း မုတ်သုံလေဦးနဲ့အတူ မိုးတိမ်တောင်များကြောင့် မိုးထစ်ချုန်းရွာနိုင်တယ်။ မုတ်သုံလေက အညာဒေသကို မေလကုန်ရက်လောက် ပုံမှန်ဝင်တတ်ပါတယ်။ " ဟု အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။

 

မန္တလေးမြို့တွင် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းမှစတင်၍ အမြင့်ဆုံးနေ့အပူချိန်မှာ ၄၀ ဒီဂရီစင်တီဂရိတ်အထက်တွင်သာရှိနေပြီး မေလ ဒုတိယအပတ် ရက်အတွင်းတွင် နေ့အပူချိန်အမြင့်ဆုံး ၄၄ ဒသမ ၂ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

 

တစ်နိုင်ငံလုံးအနေဖြင့် လာမည့်ရက်များအတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက်ထုတ် ပြန်ထားသည်။

 

သူရိန်လင်း