မန္တလေး ၁၃ ဧပြီ

 

မန္တလေးမြို့တွင်းရှိ စျေးများတွင် စျေးရောင်းချသူများ Mask တပ်ဆင်ရောင်းချခြင်း မပြုပါက စျေးရောင်းချခွင့် ရပ်ဆိုင်းရန်နှင့် စျေးဝယ်ယူသူများ Mask တပ်ဆင်လာခြင်းမရှိပါက စျေးအတွင်းသို့ ဝင်ရောက်ခွင့်မပြုရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ အမိန့်ညွှန်ကြားချက် ထုတ်ပြန်လိုက်ထားကြောင်း သိရသည်။

 

စည်ပင်သာယာရေးကော်မတီဝင်များ၊ စျေးမိစျေးဖများနှင့် စည်ပင်ဝန်ထမ်းများ ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

 

mask11

 

"လိုက်နာမှုအားနည်းတဲ့စျေးတွေကို ပိတ်သည်အထိ အရေးယူသွားပါမယ်။ လက်နဲ့ချုပ်ရတာနဲ့ လျှော်ပြီးမီးပူတိုက်ပြီးမှ ထုတ်ပိုးရလို့ ထုတ်လုပ်မှုအပိုင်းမှာ ကန့်သတ်ချက်ရှိနေပေမယ့်လည်း ပိုမိုထုတ်လုပ်နိုင်အောင် သင်္ကြန်ရက်အတွင်း နားရက်မယူဘဲ ကြိုးစားထုတ်လုပ်နေပါတယ်။ သင်္ကြန်အပြီး mask အလုံအလောက်ရလာရင်တော့ မဖြစ်မနေ အိမ်ပြင်ထွက်ဖို့လိုသူအားလုံး mask တပ်ခိုင်းပြီး၊ mask ဝယ်ဖို့ မတတ်နိုင်သူတွေကို homemade mask တွေ အခမဲ့ပေးဝေသွားပါမယ်"ဟု ဒေါက်တာရဲလွင်က လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။

 

COVID-19 ရောဂါ ကာကွယ်ရေးအတွက် Surgical Mask များက စျေးနှုန်းမြင့်တက်နေပြီး စျေးကွက်အတွင်း ဝယ်ယူရန် အခက်အခဲရှိလာသောကြောင့် အိမ်တွင်းဖြစ် Mask များ အသုံးပြုကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုက်တွန်းထားသည်။

 

ဖြိုးအိ

photo: Mayor of Mandalay's facebook : အိမ်သုံး mask ချုပ်လုပ်နေမှု