မန္တလေး ၁၈ မတ်
မန္တလေးမြို့သည် မော်တော်ဆိုင်ကယ်မြို့တော် ဖြစ်သည်နှင့်အညီ ဆိုင်ကယ်အမျိုးအစားအလိုက် စီးနင်းသူများပြားလျက် ရှိသော်လည်း မိမိတို့၏ အသက်နှင့် ပစ္စည်းပျောက်ဆုံး ပျက်စီးမှုများအတွက် လျော်ကြေးငွေများ ပြန်လည်ရရှိစေမည့် ဆိုင်ကယ်အာမခံထားရှိမှုမှာ နည်းပါးနေသေးကြောင်း ချမ်းအေးသာစံမြို့နယ် ၆၂ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ Global World Insurance Co., Ltd မှ ဒါရိုက်တာ ဦးစိုးဝင်းသန့်က ပြောသည်။
“မန္တလေးမြို့မှာ ရှိကြတဲ့ပြည်သူတွေက ဆိုင်ကယ်အာမခံထားရှိမှုအတွက် စိတ်ဝင်စားမှု အားနည်းနေကြတယ်။ မော်တော်ကား အာမခံကိုသာ စိတ်ဝင်စားကြတယ်။ ဆိုင်ကယ်ကို အာမခံထားရကောင်းမှန်း မသိကြဘူး။ ဆိုင်ကယ်တွေကို မူလဝယ်ထားတဲ့ တန်ဖိုးအတိုင်း အာမခံထားရှိမယ်ဆိုရင် ငွေရင်းအတိုင်း လျော်ကြေးငွေတွေ ပြန်ပြီးပေးအပ်တဲ့အတွက် အာမခံထားရှိရင် ဆုံးရှုံးမှုမရှိလို့ အကျိုးရှိပါတယ်။ တန်ဖိုးကြီးတဲ့ ဆိုင်ကယ်တွေဆို ပိုပြီးအာမခံထားသင့်ပါတယ်။ ကျွန်တော်တို့ဆီမှာ အာမခံထားသူ တစ်ဦးကို ဆိုင်ကယ်ပျောက်ဆုံးမှုအတွက် ဒီနေ့မှာ ပထမဆုံးအနေနဲ့ လျော်ကြေးငွေတွေ ပြန်လည်ပေးအပ်ခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါအာမခံလုပ်ငန်းတွင် ဆိုင်ကယ်အာမခံထားရှိမှုကြောင့် ဆိုင်ကယ်ပျောက်ဆုံးမှုအတွက် လျော်ကြေးငွေ ပြန်လည်ရရှိသူ မဖြိုးလင်းလင်းဝင်းက “ကျွန်မရဲ့ဆိုင်ကယ်က ၂၀၁၉ ခုနှစ် ၉ လပိုင်းမှာ ပျောက်သွားတာပါ။ ဒီအာမခံ ကုမ္ပဏီမှာ ဆိုင်ကယ်ဝယ်ဈေးအတိုင်း အာမခံထားရှိခဲ့လို့ ဆိုင်ကယ်တန်ဖိုးငွေကို ပြန်ပြီးလျော်ကြေးပေးတဲ့အတွက် အဆင်ပြေသွားပါတယ်။ မန္တလေးမြို့မှာ ဆိုင်ကယ်ခိုးယူမှုတွေ ပျက်စီးထိခိုက်တာတွေ အဖြစ်များပါတယ်။ ဒီလိုအဖြစ်မျိုးတွေမှာ ဆုံးရှုံးမှုတွေ မဖြစ်ရအောင် အာမခံလုပ်ထားဖို့ တိုက်တွန်းချင်ပါတယ်။ တစ်နှစ်လုံးမှ အာမခံကြေးက တစ်သိန်းဝန်းကျင်ပဲ ပေးသွင်းရတာပါ”ဟု ပြောသည်။
အဆိုပါ Global World Insurance Co., Ltd တွင် ဆိုင်ကယ်အတွက် အာမခံထားရှိပါက ပျက်စီးမှုများအတွက် ပြုပြင်ပြီး တစ်ပတ်အတွင်း လျော်ကြေးငွေများ ပေးလျော်ကြောင်းနှင့် ပျောက်ဆုံးခဲ့မှုများအတွက် ၆ လစောင့်ဆိုင်းပြီး မတွေ့ရှိတော့ပါက မိမိတို့ထားရှိသည့် အာမခံကြေးအတိုင်း လျော်ကြေးငွေပမာဏကို ပေးလျော်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


