မန္တလေး ၁၄ ဩဂုတ်
မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု ‘’စံ’’ သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) ၏ ဦးဆောင်မှုဖြင့် စက်မှုသင်တန်းကျောင်း (မကွေး) နှင့် ဂုဏ်ရှိန်မြန်မာကုမ္ပဏီတို့ ပူးပေါင်းကျင်းပသော မော်တော်ယာဉ် စက်ပြင်ပြိုင်ပွဲကို မန္တလေးမြို့၊ သိပ္ပံလမ်းပေါ်ရှိ မန္တလေးကွန်ဗင်းရှင်း စင်တာတွင် ယနေ့နံနက် ၉ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က NSSA အနေဖြင့် မြန်မာ နိုင်ငံလုပ်သားထုအတွက် နိုင်ငံအဆင့်၊ အာဆီယံအဆင့်၊ ကျွမ်းကျင်မှုပြိုင်ပွဲများတွင် ပါဝင်နိုင်ရန် ဦးဆောင်မှု ပြုနေ ပါကြောင်း၊ NSSA ဦးဆောင်မှုဖြင့် အာဆီယံအဆင့် ကျွမ်းကျင်မှုပြိုင်ပွဲ (၃) ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်စေရန် FDI များတွင် မြန်မာကျွမ်းကျင် လုပ်သားများ နေရာရရှိရန်အတွက် ရည်မှန်းထားပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် မော်တော်ယာဉ်စက်ပြင် ကျွမ်းကျင်ပြိုင်ပွဲအား လှည့်လည်ကြည့်ရူ့အားပေးသည်။
အဆိုပါ ပြိုင်ပွဲကို ဩဂုတ် (၁၄) ရက် မှ (၁၅) ရက်ထိ (၂) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကာ ပြိုင်ပွဲဝင်အသင်း(၃၂) ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပထမဆု (၈) သိန်း၊ ဒုတိယဆု (၅) သိန်းနှင့် တတိယဆု (၃) သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ’’ သတ်မှတ်ပြဌာန်းရေးအဖွဲ့ ( NSSA ) မှ တာဝန်ရှိသူများ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဂုဏ်ရှိန်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ စက်မှုသင်တန်းကျောင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေး ကားကုမ္ပဏီများ၊ Automotive Mechanic အလုပ်အကိုင်တို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


