မန္တလေးမြို့တွင် မေလလယ်နောက်ပိုင်းမှစ၍ မုတ်သုန်အကြိုမိုးများ ရွာသွန်းနိုင်သဖြင့် အပူဒဏ်ခံစားရမှု လျော့နည်းကျဆင်းသွားမည်

မန္တလေး  ၁၆  မေ 

 

မန္တလေးမြို့၏ နေ့အပူချိန်မှာ  ယခုရက်ပိုင်းအတွင်း ဆက်လက်မြင့်တက်မှု ရှိနိုင်သေးသော်လည်း  မုတ်သုန်အကြိုမိုးအဖြစ် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းမှုများကြောင့် မေလလယ်နောက်ပိုင်းမှစ၍ အပူဒဏ်ခံစားရမှု လျော့နည်းကျဆင်းသွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

 

၂၀၁၉ ခုနှစ်အတွင်း မန္တလေးမြို့၌ ဧပြီ ၁၂ ရက်မှ မေလ ၁၃ ရက်အထိ နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထက်တွင် ရောက်ရှိနေခဲ့ပြီး ဧပြီ ၂၈ ရက်တွင် ၄၃ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ၊ မေလ ၉ ရက်တွင် ၄၄ ဒသမ ၂ ဒီဂရီ စင်တီဂရိတ်အထိ အမြင့်ဆုံးရောက်ရှိခဲ့သောကြောင့် အပူရှိန် မြင့်မားမှုဒဏ်ကို ရက်ပေါင်း တစ်လကျော်ကြာ ခံစားခဲ့ရပြီး မေလ ၁၃ ရက် မွန်းလွဲပိုင်းတွင် ရွာသွန်းခဲ့သော ထစ်ချုန်းမိုးကြောင့် နေ့အပူချိန်မှာ ၂၈ ဒီဂရီစင်တီဂရိတ်အထိ ရုတ်တရက်ကျဆင်းခဲ့သော်လည်း မေလအတွင်း အပူချိန်မှာ ဆက်လက်မြင့်တက်မှု ရှိနိုင်သေးကြောင်း သိရသည်။

 

" မုတ်သုန်လေက မေလကုန်ပိုင်းမှာ ပုံမှန်ဝင်ရောက်လေ့ရှိပြီး မုတ်သုန်ဝင်ခါနီးအချိန်မှာ ဖြစ်ပေါ်လေ့ရှိတဲ့ လေထုမတည်ငြိမ်မှုတွေနဲ့ မြေပြင်ပူပြင်းမှုတွေကြောင့် မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ မိုးတိမ်တောင်ကြီးတွေဖြစ်ပေါ်ပြီး မုတ်သုန်အကြိုမိုးတွေ မေလလယ်ကျော်တာနဲ့ နေ့စဉ်သို့မဟုတ် တစ်ရက်ခြားလောက် ပုံမှန်ရွာသွန်းနိုင်ပါတယ်။ ဒီလိုမိုးရွာသွန်းတဲ့အတွက် မြင့်တက်နေတဲ့ အပူချိန်ကလည်း ပြန်လည်ကျဆင်းသွားမှာပါ'' ဟု ၄င်းက ပြောသည်။

 

မန္တလေးမြို့၏ နေ့အပူချိန်သည် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ နှစ် ၃၀ အတွင်း မှတ်တမ်းများ အရ ၂၀၁၀ ခုနှစ်က ၄၅ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်ရောက်ရှိခဲ့သော်လည်း လက်ရှိအခြေအနေအရ ၄င်းစံချိန်ကို ကျော်လွန်၍ စံချိန်သစ်တင်နိုင်ရန် မဖြစ်နိုင်သေးကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)