မန္တလေး  ၂၄  အောက်တိုဘာ 

မဟတ္တမဂန္ဓီ မွေးနှစ် ၁၅၀ ပြည့် အထိမ်းအမှတ် နံ့သာဖြူပင် စိုက်ပျိုးခြင်းအခမ်းအနားကို မန္တလေးမြို့၊ ၁၅လမ်းနှင့် ၅၅လမ်းထောင့်ရှိ ကျုံးဘေးတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

 

a

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်  မန္တလေးမြို့အခြေစိုက်အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr.Nandan Singh Bhaisora က ဂုဏ်ပြုစကားပြောကြားပြီး မဟတ္တမဂန္ဓီ နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်ပွဲတော် ကျင်းပရေးကော်မတီအဖွဲ့ဝင် ဦးခင်မောင်ချို(တာဝန်ခံပါမောက္ခချုပ်-ငြိမ်း၊ ဟင်္သာတတက္ကသိုလ်)က အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်သည်၍  ရှင်းလင်းပြောကြားသည်။ ၎င်းနောက် မြို့တော်ဝန် ဒေါက်တာရဲလွင်၊ ကောင်စစ်ဝန်ချုပ် Mr.Nandan Singh Bhaisoraနှင့် တာဝန်ရှိသူများက မဟတ္တမဂန္ဓီ မွေးနှစ် ၁၅၀ ပြည့် အထိမ်းအမှတ် နံ့သာဖြူပင်ကို စိုက်ပျိုးပေးကြသည်။ 

အဆိုပါအခမ်းအနားသို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ထွန်း နှင့် ကော်မတီဝင်များ၊ မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ မဟတ္တမဂန္ဓီ နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်ပွဲတော် ကျင်းပရေးကော်မတီ အဖွဲ့ဝင်များ၊ အိန္ဒိယနွယ်ဖွား မြန်မာတိုင်းရင်းသားများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်သည်။ 

မဟတ္တမဂန္ဓီ မွေးနှစ် ၁၅၀ပြည့် အထိမ်းအမှတ်အဖြစ် နံ့သာဖြူပင်များကို ချမ်းမြသာစည်မြို့နယ်ရှိ အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးနှင့် အောင်မြေသာစံမြို့နယ်ရှိ နန်းမြို့တွင်းတို့တွင် ဆက်လက် စိုက်ပျိုးသွားမည်ဖြစ်သည်။
 
မဟတ္တမဂန္ဒီသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ အမှန်တရား၊ အကြမ်းမဖက်မူ ပြယုဂ်တစ်ဦးဖြစ်ပြီး သူ၏ အတွေးအမြင်များသည် ယနေ့ ကမ္ဘာတွင်ရင်ဆိုင်နေရသော မညီမျှမှု၊ တရားမျှတမှု မရှိခြင်း၊ လူမှုရေး ပြဿနာများ၊ အကြမ်းဖက်မှု၊ ရာသီဥတုပြောင်းလဲလာမှု၊ စီးပွားရေးမညီမျှမှု နှင့် ပတ်သက်ဆက်နွယ်လျက်ရှိသည်။ 

မဟတ္တမဂန္ဒီ သည် မြန်မာနိုင်ငံသို့ ၁၉၀၂၊ ၁၉၁၅ နှင့်၁၉၂၉ တို့တွင် ရန်ကုန်၊ မန္တလေး၊မော်လမြိုင် မြို့ များသို့ အလည်အပတ်ရောက်ရှိခဲ့ပါပြီး သူ၏မြန်မာနိုင်ငံ ခရီးစဉ်တွင်အမျိုးသား၊ အမျိုးသမီး အခွင့်အရေး စသည့် ကဏ္ဍများကို အကျိုးပြု သက်ရောက်စေခဲ့သည်။ ယနေ့မြန်မာနိုင်ငံသည် မဟတ္တမ ဂန္ဒီ၏ Federalism နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကဏ္ဍများကို လေ့လာသင်ယူနိုင်ပေသည်။ မဟတ္တမဂန္ဒီသည် သဘာဝကို ချစ်မြတ်နိုးသူ တစ်ဦးလည်းဖြစ်သည့်အတွက် ယနေ့တွင် သစ်ပင်စိုက်ခြင်းအားဖြင့် သူ၏ကြိုးပမ်းမှုကို အောက်မေ့ အမှတ်ရစေရန် ရည်ရွယ်ကြောင်းနှင့် မြန်မာအစိုးရ၏ မဟတ္တမဂန္ဒီပွဲအား အလေးထားဆောင်ရွက်ပေးမှုသည် နှစ်နိုင်ငံဆိုင်ရာ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ချစ်ကြည်ရင်းနှီးမှုတို့တွင် ပိုမိုခိုင်မာရုံသာမက ငြိမ်းချမ်းပြီးဖွံ့ဖြိုးတိုးတက်သော ဘဝများကို သယ်ဆောင်သွားမှာ ဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)