မန္တလေး၊ ဧပြီ ၁၇
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ သံဃာတော် (၁၀၈) ပါးဖြင့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဆွမ်းဆက် ကပ်ခြင်း၊ ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ အသက်(၉၀)နှင့်အထက် သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ခြင်း စသည့်ကောင်းမှု ကုသိုလ်ပြုလုပ်သည့် အခမ်းအနားများကို မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီရုံးရှိ မြို့တော်ခန်းမနှင့်ခန်းမရှေ့တို့တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုနှင့်ဇနီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ၎င်းတို့၏ဇနီး များ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (အဖွဲ့ဝင်) စလင်းဝိဘဇ္ဇဝါဒီဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိလာသာဘိဝံသ အမှူးပြုသော လေးပြင်လေးရပ်မှ ပင့်သံဃာ (၁၀၈) ပါးဖြင့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဆွမ်းဆက်ကပ်ခြင်း အခမ်းအနားကို မြို့တော်ခန်းမတွင် ကျင်းပရာ နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးပြီး စလင်းဝိဘဇ္ဇဝါဒီ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်တို့ ရွတ်ပွားချီးမြှင့်သည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီးတို့က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆရာတော် သံဃာတော်များအတွက် လှူဒါန်းသည့် နဝကမ္မဝတ္ထုငွေများကို စလင်းဝိဘဇ္ဇဝါဒီ ဆရာတော်ထံ ဆက်ကပ်လှူဒါန်းပြီးနောက် ရေစက်ချအနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းပြီးနောက် အရုဏ်ဆွမ်းများ ဆက်ကပ်ကြသည်။
ယင်းနောက် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို မြို့တော်ခန်းမရှေ့တွင် ဆက်လက် ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (အဖွဲ့ဝင်) စလင်းဝိဘဇ္ဇဝါဒီဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိလာသာ ဘိဝံသ အမှူးပြုသော လေးပြင်လေးရပ်မှ ပင့်သံဃာ (၁၀၈) ပါးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ဇနီး၊ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ မြို့မိမြို့ဖ အလှူရှင်များက ဆွမ်းဆန်စိမ်းများနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူ ကြပြီးနောက် ဇီဝိတဒါနကုသိုလ်အဖြစ် ကျုံးရေပြင်အတွင်း ငါးအကောင်ရေ ၃၀၀၀၀ ကို လွှတ်ပေးကြသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသည့် မန္တလေး (၇) မြို့နယ်အတွင်းရှိ အသက်(၉၀)နှင့်အထက် အဘိုးအဘွားများ ပူဇော်ကန်တော့ပွဲ အခမ်းအနားကို မြို့တော်ခန်းမတွင် ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် ဇနီး တက်ရောက်ဂါရဝပြုကာ အဘိုးအဘွားများအတွက် ဂုဏ်ပြုကန်တော့ ငွေများ လှူဒါန်းခဲ့သည်။
အစီအစဉ်အရ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဋ္ဌေးက အဖွင့်ဂုဏ်ပြုစကား ပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဦးမောင်ကိုနှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၊ ၎င်းတို့၏ ဇနီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများနှင့် တက်ရောက်လာကြသူများက အဘိုးအဘွားများကို ကန်တော့ချိုးဖြင့် ကန်တော့ကြသည်။
ထို့နောက် ကန်တော့ခံအဘိုးအဘွားများအား ဂါရဝပြုကန်တော့ငွေများနှင့် ကန်တော့ပစ္စည်း ပေးအပ်လှူဒါန်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးမောင်ကိုနှင့်ဇနီးတို့က ဂါရဝဂုဏ်ပြု ကန်တော့ငွေကျပ် (၁၀) သိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ ဂါရဝပြု ကန်တော့ငွေများနှင့် ကန်တော့ ပစ္စည်းများကို ပေးအပ်လှူဒါန်းပြီး အဘိုးတစ်ဦးက ဆုတောင်းမေတ္တာပို့သသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် အန္တရာယ်ကင်း ပရိတ်တရားတော် နာယူကြည်ညိုခြင်း ရေစက်ချ အခမ်းအနားသို့ တက်ရောက်ပြီးအခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ စမ္ပါယ်ရုံ မိုးကုတ်ရိပ်သာကျောင်း ဆရာတော်ဘဒ္ဒန္တကစ္စာယန (မဟာကမ္မဌာနာစရိယ) ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ဆက်လက်၍ စမ္ပါယ်ရုံမိုးကုတ်ရိပ်သာ ကျောင်းဆရာတော် အမှူးပြုသော သံဃာတော်များမှ ရွတ်ပွားချီးမြင့်သော အန္တရာယ်ကင်း ပရိတ်တရားတော်မြတ်နှင့် အန္တရာယိက ကမ္မဝါများကို နာယူကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် စမ္ပါယ်ရုံဆရာတော်ဘုရားထံမှ ရေစက်ချနှင့် အနုမောဒနာတရားနာယူ ကြည်ညိုပြီး ရေစက်ချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
သတင်းစဉ်