မန္တလေးမြို့တွင် မြန်မာ့ရိုးရာနိဗ္ဗာန်ဈေးနဲ့ မြန်မာမုန့်ပွဲတော် ကျင်းပမည်

မန္တလေးမြို့ မြောက်ပြင်ရပ်တွင် မြန်မာ့ရိုးရာနိဗ္ဗာန်ဈေးနဲ့ မြန်မာမုန့်ပွဲတော် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပွဲတော်ကို ယခုလ ၂၆ ရက်နေ့၌ မန္တလေးမြို့မြောက်ပြင်ရပ်ရှိ တနင်္ဂနွေမင်္ဂလာဓမ္မကျောင်း တွင် မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအချိန်အထိ ကျင်းပသွားမှာဖြစ်သည်။

"မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ နိဗ္ဗာန်ဈေးဆိုတာကို အများဆုံးက  အောက်ပြည်မှာ ကျင်းပတာ များတယ်။ ကျွန်မတို့ အထက်ပိုင်းမှာ နည်းတယ်။ နည်းတဲ့ အခါကျ ကလေးတွေက နိဗ္ဗာန်ဈေးဆိုတဲ့ စကားနဲ့ မရင်းနှီးကြဘူး၊ အဲဒါလေးကိုလည်း သိစေချင်တယ်။ မြန်မာမုန့်တွေဆိုတာ အများဆုံးအားဖြင့် ကောက်ညှင်း၊ ဆန်ကြမ်း၊ ထန်းလျက်၊ အုန်းသီး၊ ပဲ၊ သကြားတွေနဲ့ ပြုလုပ်တာ များတယ်။ ပြင်ပကလာတဲ့ နိုင်ငံခြားမုန့်နဲ့စာရင် ဘေးထွက်ဆိုးကျိုးနည်းပါတယ်။ လတ်လတ်ဆတ်ဆတ်လည်း စားလို့ရတယ်။ အာဟာရ ပြည့်ဝတယ် မြန်မာမုန့်ပွဲတော်ဆိုတဲ့အတွက်ကြောင့် ကလေးတွေကို မြန်မာမုန့်တွေကို သိစေချင်တယ်'' ဟု ပွဲတော်ဖြစ်မြောက်ရေးကော်မတီမှ ဒေါ်မေသူကျော်က ပြောသည်။

ပွဲတော်တွင် မြန်မာ့ရိုးရာအစားအစာမုန့်များကို အလှူရှင်များကနေ တည်ခင်းကျွေးမွေးသွားမှာ ဖြစ်သည့်အပြင် ပွဲတော်လာရောက်သူများကိုလည်း ကြိုက်နှစ်သက်ရာ မုန့်များကို ရွေးချယ်စားသုံးနိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့ရိုးရာနိဗ္ဗာန်ဈေးနှင့် မြန်မာမုန့်ပွဲတော်ကို နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုအကြိမ်သည် လေးကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း မြန်မာ့ရိုးရာမုန့်မျိုးစုံ ၃၀ ကျော်နဲ့ ပွဲတော်လာရောက်သူများကို ဧည့်ခံကျွေးမွေးသွားမှာဖြစ်ကြောင်း သိရသည်။

 

သူရိန်လင်း

Photo- Feel restaurant