မန္တလေး ၈ ဧပြီ
မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းနှင့် မြန်မာနိုင်ငံ သရက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းတို့မှ ကြီးမှူးကျင်းပသော ပဉ္စမအကြိမ်မြောက် မြန်မာ့သရက်ပွဲတော် ၂၀၁၉ (မန္တလေး)ကို မေလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် မန္တလေးမြို့ မဟာ အောင်မြေမြို့နယ် ၅၃ လမ်းနှင့် ၃၇ လမ်းထောင့်ရှိ Hotel Hazel တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် သရက်သီး အမျိုးအစားများမှာ စိန်တလုံး၊ မြကျောက်၊ ပတ္တမြားငမောက်၊ ရွှေဟင်္သာ၊ ရင်ခွဲ၊ အခြားသရက်(ပြည်တွင်း)၊ အခြားသရက်(ပြည်ပ) တို့ဖြစ်ပြီး ပြိုင်ပွဲဝင် သရက်သီးများသည် အညှာ ၄ လက်မ ရှိရမည်ဖြစ်ပြီး နမူနာ ၅ လုံး ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင် သရက်သီးများကို မေလ ၁၀ ရက်နေ့ နံနက် ၉ နာရီမှ ၅ နာရီအတွင်း ပြိုင်ပွဲကျင်းပရာ နေရာသို့ အရောက် ပေးပို့ရမည်ဖြစ်ပြီး ဆုကြေးများ အနေဖြင့် ပထမဆု ငွေကျပ် နှစ်သိန်း၊ ဒုတိယဆု ငွေကျပ် တစ်သိန်းခွဲ၊ တတိယဆု ငွေကျပ် တစ်သိန်းတို့ဖြစ်ပြီး နှစ်သိမ့်ဆု အနေဖြင့် ငွေကျပ် ငါးသောင်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် သရက်သီးစားပြိုင်ပွဲ(အချို/အချဉ်)၊ အခွံနွှာပြိုင်ပွဲ၊ ဂျစ်တွန်းပြိုင်ပွဲနှင့် ဆားဖတ်ခြောက်ခုတ်ပြိုင်ပွဲ တို့ကိုလည်း ထည့်သွင်းကျင်းပ သွားမည်ဖြစ်ပြီး မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
၎င်းအပြင် အရောင်းပြခန်း ဝယ်ယူလိုသူများနှင့် ပံ့ပိုးကူညီ လိုသူများ အနေဖြင့် ဧပြီ ၁၅ ရက် နောက်ဆုံးထား ဆက်သွယ်နိုင်ကြောင်းနှင့် အသေးစိတ် အချက်အလက်များကို ဖုန်း-ဝ၉-၄၄၀ဝ၂၂၆၂၃၊ ဝ၉-၄၃၁၁၇၄၁၇ နှင့် ဝ၉-၄၃၀၃၄၈၉၄ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပြီး စိတ်ဝင်စားသူ မည်သူမဆို အခမဲ့ လာရောက်လေ့လာနိုင်ကြောင်း သိရသည်။
MDN