မန္တလေး ၁ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ကွန်ပျုတာ လုပ်ငန်းရှင်များအသင်းနှင့် ကွန်ပျုတာပညာရှင်များအသင်းတို့ပူးပေါင်း၍ မြန်မာယူနီကုဒ်စံစနစ်သို့ ကူးပြောင်းအသုံးပြုခြင်းအခမ်းအနားကို စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်၃၄လမ်းနှင့် ၇၈လမ်းထောင့်ရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌဦးကျော်မင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အတွင်းရေးမှူး ဦးဥက္ကာကျော်က မြန်မာ ယူနီကုဒ်စံစနစ် ကူပြောင်းအသုံးပြုရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက်မန္တလေး တိုင်းဒေသကြီးကွန်ပျုတာလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးနေသူဝင်းက မြန်မာယူနီကုဒ်စံစနစ်ပြောင်းလဲပုံ အကြောင်းကိုလည်းကောင်း၊ ကွန်ပျုတာပညာရှင်အသင်းဥက္ကဌ ဦးမြတ်ခိုင်က မြန်မာယူနီကုဒ်စနစ် လက်တွေ့ဆောင်ရွက်ပုံများကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ဖြေကြားကာ လက်ကိုင်ဖုန်းများ၊ လက်တော့များကို မြန်မာယူနီကုဒ်စံစနစ်သို့ လက်တွေ့ကူးပြောင်း အသုံးပြုနည်းများကို သင်ကြားဆောင်ရွက်ပေးခဲ့သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဝင်များ၊ ညီနှောင်အသင်းများမှ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
မောင်ပြည်သူ(မန္တလေး)


