mdn

မန္တလေး ၁၇ အောက်တိုဘာ

 

အထက်မြန်မာပြည်တစ်ခုလုံးအတွက် အကျိုးပြုဆောင်ရွက်နိုင်စွမ်းရှိသည့် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းအသစ် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (Public Health Laboratory - Mandalay)ကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၃၅ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းအကြားရှိ အဆိုပါဌာန(PHL)၀င်းအတွင်း၌ တည်ဆောက်လျက်ရှိရာ လုပ်ငန်းပြီးစီးမှုအခြေနေအား အောက်တိုဘာ ၁၆ ရက် နံနက် နာရီက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှ တိုင်းဒေသကြီးအစိုးရ အဖွဲ့၀င်၀န်ကြီးများ၊ တာ၀န်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

 

အဆိုပါ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနရုံး (PHL) အဆင့်မြင့်ဓာတ်ခွဲခန်းအသစ်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မူဖြင့် မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ရှာဖွေရေးကော်မတီမှလှူဒါန်းသည့် ခန့်မှန်းငွေကျပ် သိန်း ၁၂၀၀၀ ခန့် အကုန်ကျခံ၍ အဆောက်အဦအသစ်ပုံစံနှင့် ဒီဇိုင်းကို ဗိသုကာပညာရှင် ဦးဇင်မင်းဆွေတို့က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မန္တလေးမြို့တွင် လက်ရှိ COVID19 အတည်ပြု စစ်ဆေးပေးနေသည့် ဓာတ်ခွဲခန်းကို နိုင်ငံတကာအဆင့်မီ ဖြစ်စေရန်အတွက် အဆောက်အဦပိုင်း တိုးချဲ့ဆောင်ရွက်ခြင်းဖြစ်ကာ တည်ဆောက်ရေးကာလ လအတွင်း ယင်းဓာတ်ခွဲခန်းအသစ်ကို NHL သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ခဲ့ရာ ယခုအခါ တည်ဆောက်ရေးလုပ်ငန်း ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

 

ထိုသို့ ကြည့်ရူစစ်ဆေးရာတွင် ၀န်ကြီးချုပ်နှင့်အဖွဲ့အား PHL- Mandalay အဆောက်အဦသစ် သင်တန်းခန်းမတွင် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်က ယခုလက်ရှိ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဓာတ်ခွဲစစ်ဆေးနိုင်မှုနှင့် ကျန်းမာရေး၀န်ထမ်းအင်အား အခြေအနေကိုလည်းကောင်း၊ မန္တလေး မြို့ပြဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ ရှာဖွေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်၀င်းက တည်ဆောက်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေအခြေအနေ၊ အဆောက်အဦအတွင်း ဓာတ်ခွဲခန်း၊ သင်တန်းခန်းမနှင့် စီမံခန့်ခွဲမှုရုံးခန်းများ ထည့်သွင်းတည်ဆောက် ပြီးစီးမှုအခြေအနေများနှင့် ရေရရှိရေးလုပ်ငန်းများ၊ စွန့်ထုတ်ရေဆိုးစနစ်နှင့် စွန့်ပစ္စည်းများအတွက် စနစ်တကျ စီမံဆောင်ရွက်ထားသည့် အစီအမံများကိုလည်းကောင်း၊ အဆောက်အဦအသစ် ဒီဇိုင်းနှင့်ပတ်သက်၍ ဗိသုကာပညာရှင် ဦးဇင်မင်းဆွေက ဗိသုကာပုံစံများ အသေးစိတ်ရေးဆွဲပြီး မြေကြီးစမ်းသပ်ကာ ခိုင်ခံ့မှုတွက်ချက်ခြင်း၊ BioSafty level (2+) အဆင့်ရှိ နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းစနစ်၊ လျှပ်စစ်မီး၊ ရေ၊ လေအေးပေးစက် NetWork CCTV ဒီဇိုင်းရေးဆွဲပြီး တပ်ဆင်ဆောင်ရွက်နေမှု စနစ်လုပ်ငန်းများကို လည်းကောင်း ပရိုဂျက်တာဖြင့် အသေးစိတ် ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ၀န်ကြီးချုပ်နှင့်အဖွဲ့သည် တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်းရှိ chiller Plant Room တွင် AHV,Chiller နှင့် pump များ တပ်ဆင်ဆောင်ရွက်ပြီးစီးမှု၊ cooling Tower, High Pume Fun နှင့် HEDA Housing များ တပ်ဆင်ဆောင်ရွက်ပြီးစီးမှုများနှင့် Bio Safty level (2+) အဆင့်ရှိ နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းစနစ် တည်ဆောက်ရေးလုပ်ငန်း ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ယခုဆောက်လုပ်နေသည့် နိုင်ငံတကာအဆင့်မီ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (Public Health Laboratory - Mandalay)သည် အထက်မြန်မာပြည်အတွက် အလိုအပ်ဆုံးနှင့် ရာသီအလိုက်ဖြစ်ပေါ်တတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှာဖွေရေးအတွက်ပါ အထောက်အကူပြုမည့် ဓာတ်ခွဲခန်းအသစ်တစ်ခုဖြစ်ရာ NHL စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်သွားရေး၊ တည်ဆောက်ရေး အချောသတ်လုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေး၊ ယခုလက်ရှိ ဆောင်ရွက်နေသော ဓာတ်ခွဲစစ်ဆေးစက်များ အဆောက်အဦသစ်သို့ အမြန်ဆုံးပြောင်းရွှေ့ လုပ်ကိုင်နိုင်ရေးအတွက် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်သွားရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့် အဆောက်အဦသစ် အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် တာ၀န်ရှိသူများအား မှာကြားခဲ့သည်။

 

ယခု အသစ်ဆောက်လုပ်လျက်ရှိသည့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (Public Health Laboratory - MDY) အဆောက်အဦမှာ နိုင်ငံတကာအဆင့်မီ Bio Safty Level (+2) အဆင့်ရှိ RC အမျိုးအစား နှစ်ထပ်ခွဲ၊ အလျား ၆၉ ပေ × အနံ ၅၉ ပေ၊ စတုရန်း ပေ ၁၀၆၃၁ ခန့်ဖြစ်သည်။ ထို့ပြင် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများ၊ နည်းပညာဖလှယ်ရန် သင်တန်းခန်းမ၊ နိုင်ငံခြားဓာတ်ခွဲခန်းများကဲ့သို့ Sensor Air Lock တံခါးများ၊ Negative Pressure စနစ်ဓာတ်ခွဲခန်းများ၊ လက်ရှိဆောင်ရွက်နေသော ဓာတ်ခွဲစက် စုံ ထားရှိဆောင်ရွက်ရန်  တည်ဆောက်လျက်ရှိပြီး ၎င်းဓာတ်ခွဲခန်း အဆောက်အဦအား ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလကုန်တွင် အပ်နှံနိုင်ရန် ရည်မှန်းထားကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် နို၀င်ဘာလလယ်တွင် အဆိုပါဓာတ်ခွဲခန်း အဆောက်အအုံ၌ PHL လုပ်ငန်းများ စတင်လည်ပတ်နိုင်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း မန္တလေးမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ ရှာဖွေရေးကော်မတီမှ သိရသည်။

 

လက်ရှိဆောင်ရွက်လျက်ရှိသော ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) အနေဖြင့် ကိုဗစ်ရောဂါ ဓာတ်ခွဲစစ်ဆေးဆောင်ရွက်ခြင်းကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ အထက်မြန်မာပြည်ရှိ မန္တလေး၊ စစ်ကိုင်း၊ ရှမ်း(မြောက်) ကချင်၊ ချင်း စသည့်မြို့များမှ Swab နမူနာ စုစုပေါင်း ၄၈၅၅၆ ဦးကို ဓာတ်ခွဲစစ်ဆေးပြီးခဲ့ရာ ဓာတ်ခွဲအတည်ပြု တွေ့ရှိသူ ၁၁၁၀ ဦး တွေ့ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)