မန္တလေး ၁၁ မတ်

 

Paradiso Cinema Complex ရုပ်ရှင်ရုံသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းနှင့် သိပ္ပံလမ်းထောင့်တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဒုတိယမြို့တော်ဝန် ဦးရဲမွန်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ၊ အနုပညာရှင်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် ဒုတိယမြို့တော်ဝန် ဦးရဲမွန်နှင့် Paradise မှ တာဝန်ရှိသူများ၊ ရုပ်ရှင်အနုပညာရှင်များက ရုပ်ရှင်ရုံသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဒုတိယမြို့တော်ဝန်က ယခုကဲ့သို့ paradiso ရုပ်ရှင်ရုံများ ပြည်သူများနှင့် နီးစပ်ရာနေရာများတွင် တည်ဆောက်ပေးခြင်းဖြင့် မြန်မာ့ရုပ်ရှင်လုပ်ငန်း များစွာတိုးတက်လာမည်ဟု ယုံကြည်ကြောင်း မြန်မာရုပ်ရှင်လုပ်ငန်း တိုးတက်ရေးအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် တက်နိုင်သရွေ့ ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် Paradiso Cimemas Co.Ltd ဥက္ကဋ္ဌ ဦးလွင်မိုးနှင့် ဒါရိုက်တာ ဦးသူရ(ခ)ဇာဂနာတို့က Paradise ရုပ်ရှင်ရုံများအကြောင်းနှင့် တက်ရောက်လာသူများအား ကျေးဇူးတင်စကား ပြောကြာပြီး ရုပ်ရှင်ရုံတွင် ရုပ်သံအရည်အသွေး ကောင်းမွန်ကြောင်း နမူနာ ဇာတ်ကားများကို ပြသခဲ့သည်။ ယခုဖွင့်လှစ်သည့် Pardiso ရုပ်ရှင်ရုံတွင် ရုပ်ရှင်ပိတ်ကား ၃ ကား ပြသနိုင်မည်ဖြစ်ပြီး  မန္တလေးမြို့တွင် ၅ ရုံမြောက် ဖွင့်လှစ်နိုင်ခြင်း ဖြစ်သည်။

 

ထို့ပြင် Paradiso ရုပ်ရှင်ရုံသစ်များကို ယနေ့ မွန်းလွဲ ၁ နာရီတွင် မန္တလေးမြို့ ၁၉ လမ်းရှိ Paradiso ရုပ်ရှင်ရုံနှင့် မွန်းလွဲ ၃ နာရီတွင် အမရပူရမြို့ရှိ Paradiso ရုပ်ရှင်ရုံတို့အား တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့သည်။

 

မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ရှင်ရုံ ၁၀၀ ရုံစီမံကိန်းကို အကောင်အထည်ဖော် တည်ဆောက်နေသော ပါရာဒီဆို ကုမ္ပဏီကို ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များဖြင့် ၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ယခုအချိန်အထိ တစ်နိုင်ငံလုံးတွင် ရုပ်ရှင်ရုံပေါင်း ၂၅ ရုံ၌ ရုပ်ရှင်ရုံခန်းမပေါင်း ၃၃ ခုအထိ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

အေးမြ(မန္တလေး)