မန္တလေး ၁၉ ဇွန်
မြန်မာ့ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနုပညာရှင်များ စုပေါင်းဖွဲ့စည်း တည်ထောင်ထားသည့် PARADISO CINEMAS CO.,LTD မှ မန္တလေးမြို့ရှိ ပြည်ကြီးတံခွန်မြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့တွင် ပါရာဒီဆို အဆင့်မြင့် 3D ရုပ်ရှင်ရုံ နှစ်ရုံကို ယနေ့စတင်ဖွင့်လှစ်သည်။
အဆိုပါရုပ်ရှင်ရုံ နှစ်ရုံ ဖွင့်ပွဲအခမ်းအနားများသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရုပ်ရှင်ချစ်ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ကြီးတံခွန်မြို့နယ် ၆၂ လမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ ပါရာဒီဆိုအဆင့်မြင့်ရုပ်ရှင်ရုံဖွင့်ပွဲ အခမ်းအနားကို မွန်းလွဲ ၃ နာရီတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ရုပ်ရှင်ရုံအတွင်း ပြင်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် အောင်မြေသာစံမြို့နယ် ၂၆ လမ်း၊ ၉၁ လမ်းနှင့် ၉၂ လမ်းကြားရှိ ပါရာဒီဆို အဆင့်မြင့်ရုပ်ရှင်ရုံဖွင့်ပွဲကို ညနေ ၄ နာရီတွင် ဆက်လက်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အနုပညာရှင်များ စုပေါင်းတည်ထောင်ဖွဲ့စည်းထားသည့် ပါရာဒီဆိုကုမ္ပဏီမှ မန္တလေးမြို့ ပြည်သူများအတွက် ယခုကဲ့သို့ ရုပ်ရှင်ရုံနှစ်ရုံကို တစ်ပြိုင်တည်း လာရောက်ဖွင့်လှစ်ပေးခြင်းအတွက် များစွာကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း၊ အနုပညာရှင်များ စုပေါင်းဖွဲ့စည်းထားသည့် ကုမ္ပဏီဖြစ်သည့်အတွက် အနုပညာရှင်များ၏ ကျန်းမာရေးအတွက် လိုအပ်သည့်အထောက်အပံ့များလည်း ပေးစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပါရာဒီဆိုကုမ္ပဏီဥက္ကဋ္ဌ ဦးလွင်မိုးက မြန်မာ့ရုပ်ရှင် ပြသမှု အဆင့်အတန်း မြင့်မားနေမှုကို ပြည်သူများ သိရှိစေရန်နှင့် ရုပ်ရှင်ရုံများ နည်းပါးသွားခြင်းအတွက် မြို့ကြီးများတွင် မိမိတို့ကုမ္ပဏီမှ ရုပ်ရှင်ရုံများ လိုက်လံဆောက်လုပ်၍ မြန်မာ့ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးနေကြောင်းနှင့် ယခုဖွင့်လှစ်သည့် ရုပ်ရှင်ရုံများတွင် အရည်အသွေးကောင်းမွန်စေရန် အရုပ်နှင့် အသံစနစ်အား ကမ္ဘာပေါ်တွင် လက်ရှိအသုံးပြုနေသည့် ခေတ်မီနည်း စနစ်များကို တပ်ဆင်အသုံးပြုထားကြောင်း ပြောကြားသည်။
ပါရာဒီဆိုကုမ္ပဏီမှ မြန်မာနိုင်ငံအတွင်း ရုပ်ရှင်ရုံ ၁၀ဝ ဖွင့်လှစ်ရန် စီမံကိန်း ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ရုပ်ရှင်ရုံပေါင်း ၂၀ တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ပြီး မန္တလေးမြို့တွင် ၅ ရုံ လျာထားသည့်အနက် ယခု နှစ်ရုံကို စတင်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)