မန္တလေး  ၂၃  အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ပထမဆုံးအကြိမ် ကျောက်စိမ်းအရိုင်း၊ အချောထည်နှင့် ကျောက်မျက်ရတနာများအား မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲဖွင့်ပွဲကို မန္တလေး ကွန်ဗင်းရှင်းစင်တာတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

 

1

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာ့ကျောက်မျက်လုပ်ငန်း ဦးစီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်း၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးလှစိုးဦး၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း(မန္တလေး)မှ ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့်  ပြပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

 

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(မန္တလေး)မှ ဥက္ကဋ္ဌ ဦးသန်းဝင်းက ပြပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်သည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသော ကျောက်မျက်ရတနာများအား လှည့်လည်ကြည့်ရှု အားပေးသည်။

 

အဆိုပါ ကျောက်မျက်ရတနာများအား မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက်ထိ နေ့စဉ် နံနက် ၈ နာရီ ညနေ ၅ နာရီထိ ဖွင့်လှစ်ရောင်းချ သွားမည်ဖြစ်သည်။ ကျောက်စိမ်းအရိုင်း အတွဲပေါင်း (၂၉၂၆) ခင်းကျင်းပြသထားပြီး အချောထည် ဆိုင်ခန်း(၂၀ဝ) ပါဝင်ကာ ကျောက်မျက်အရောင်းဆိုင် (၄၉)ဆိုင်ပါဝင်ကြောင်း၊ ကျောက်စိမ်း အရိုင်းတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ကြမ်းခင်းဈေးအဖြစ် မြန်မာကျပ်ငွေ (၁၀)သိန်းမှ ကျပ်သိန်း (၃၂၀ဝ) ထိ သတ်မှတ်ထားကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)