mdn

မန္တလေး ၂၃   အောက်တိုဘာ

 

မန္တလေးမြို့ ကွန်ဗင်းရှင်းစင်တာတွင် ပထမအကြိမ်ကျင်းပသည့်  ကျောက်စိမ်းအရိုင်း၊ အချော ထည်နှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ပြပွဲပထမနေ့တွင် ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည် ၅၀၀၀ ကျော် လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(မန္တလေး)ဥက္ကဌ ဦးသန်းဝင်းက ပြောကြားသည်။

 

'' ပြပွဲ ပထမနေမှာပဲ ပြည်တွင်းက ရတနာကုန်သည် ၅၀၀၀ ကျော်နဲ့ ပြည်ပက ကုန်သည်တချို့ လာရောက်လေ့လာ ကြည့်ရှုနေကြတာ တွေ့ရတယ်။ ကျွန်တော်တို့အနေနဲ့ ကုန်သည်အားလုံးကို နေ့စဉ် အကန့်အသတ်မရှိ ဝင်ရောက်လေ့လာဝယ်ယူခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ တင်ဒါစနစ်နဲ့ ရောင်းချမယ့် ကျောက်စိမ်းအတွဲတွေကို လာရောက်ကြည့်ရှုပြီး ဝယ်ယူသူတွေအတွက် ဝင်ကြေးငွေကို ပြည်တွင်း အနေနဲ့ နှစ်သောင်းကျပ်နှုန်းနဲ့ နိုင်ငံခြားသားများအတွက် တစ်သိန်းနှုန်း ကောက်ခံသွားမှာ ဖြစ်ပါတယ်။ ကျေက်စိမ်းအတွဲ အရိုင်းတွေ ကြည့်ရှုရမယ့်ရက်ကို အောက်တိုဘာ ၂၃ ရက်နေ ၂၅ ရက်အထိ သတ်မှတ် ပေးထားပြီး အောက်တိုဘာ ၂၆ ရက်ကနေ ၂၉ ရက်အထိ တင်ဒါစနစ်နဲ့ ရောင်းချပေးသွားမှာပါ။ ကျောက်စိမ်းအရောင်းအဝယ်အတွက် အခွန်ကောက်ခံမှုအနေနဲ့ ရောင်းသူဘက်က ၁၃ ရာခိုင်နှုန်းနဲ့ ဝယ်သူဘက်က ၅ ရာခိုင်နှုန်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲတော်ကနေ နိုင်ငံတော်အတွက် လည်း အခွန်ဝင်ငွေတွေ တိုးတက်ရရှိသွားမှာ ဖြစ်ပါတယ် '' ဟု ၎င်းက ပြောသည်။

 

အဆိုပါကျောက်စိမ်းရောင်းချပွဲသို့လာရောက်လေ့လာဝယ်ယူသူ ထွန်းဖောင်ဒေးရှင်း ကျောက်မျက် ရတနာကုမ္ပဏီမှ ဒါရိုက်တာဖြစ်သူ ဦးသန်းဇော်ကွန်းက '' ကျွန်တော်တို့ မန္တလေးမှာ ဒီလို ကျောက်မျက်ပြပွဲကြီး ကျင်းပနိုင်တာကို အင်မတန် ဂုဏ်ယူပါတယ်။ ဒီပြပွဲမှာ ကျောက်စိမ်းအရိုင်း အတွဲတွေ ပြသထားတာကိုလည်း အားရကျေနပ်မိပါတယ်။ ကျောက်တွေရဲ့ အရည်အသွေးကလည်း ကောင်းမွန်တာတွေ့ရတဲ့အတွက် ရောင်းသူ ဝယ်သူအားလုံး အဆင်ပြေမှာပါ။ ကျွန်တော်တို့ကလည်း ကုမ္ပဏီအနေနဲ့ရော အသင်းအဖွဲ့အနေနဲ့ရော ကုန်သည် အနေနဲ့ပါ ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ အဆင်သင့်ပါပဲ။ လက်ရှိ ဒီပြပွဲရဲ့ ရောင်းဝယ်မှုမှာ အခွန်ကောက်ခံမှုနှုန်း များနေတယ်လို့ ပြောသံကြား ရပါတယ်။ ဒါကြောင့် အများကိုဆွဲခေါ်နိုင်ဖို့ အခွန်ကို အနည်းငယ် လျှော့ကောက်ပေးမယ်ဆိုရင် ဒီပထမ ဆုံးအကြိမ် ကျင်းပတဲ့ ကျောက်မျက်ပြပွဲကနေ နောင်ကျင်းပမယ့် ပြပွဲတွေ အတွက် အစဉ်အလာ ကောင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ် " ဟု ပြောသည်။

 

အဆိုပါ ပြပွဲကို အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက်အထိ နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပြသရောင်းချသွားမည်ဖြစ်ပြီး ၎င်းပြပွဲတွင် ကျောက်စိမ်းအရိုင်း အတွဲပေါင်း ၂၉၅၀ ကျော်နှင့် ကျောက်မျက်ရတနာ အချောထည်ဆိုင်ခန်းများ၊ ကျောက်စိမ်းပန်းပုနှင့် လက်ဝတ်ရတနာ ဆိုင်ခန်းပေါင်း ၄၀ ကျော် ပါဝင်ပြသရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ - အောင်ဖြိုးကျော်

 

mdn