မန္တလေး ၂၉ ဒီဇင်ဘာ

 

Myanmar Flaconer's Club မှ ဦးဆောင်ကျင်းပသည့် အမဲလိုက် ရှားပါးငှက်မျိုးစိတ်များ အမဲလိုက်ပြိုင်ပွဲကို ဒီဇင်ဘာ ၂၈ ရက်က မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ မြင်းစီးကွင်း၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သည်။

 

အဆိုပါပြိုင်ပွဲတွင် မြန်မာတစ်နိုင်ငံလုံးမှ အမဲလိုက် ရှားပါးငှက်မျိုးစိတ် ပညာရှင်နှင့် ဝါသနာရှင်များနှင့်အတူ လင်းယုန်၊ သိမ်းငှက်၊ စွန် စသည့် ရှားပါးငှက်မျိုးစိတ်များ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို ရှားပါးငှက်မျိုးစိတ်များအား တန်ဖိုးထား မွေးမြူလာစေနိုင်ရန်နှင့် တစ်နိုင်ငံလုံးရှိ မွေးမြူသူအချင်းချင်း ရင်းနှီးချစ်ခင်စွာ တွေ့ဆုံခွင့်ရရန် ရည်ရွယ်၍ ရန်ကုန်မြို့တွင် နှစ်ကြိမ် ကျင်းပခဲ့ပြီး ယခု တတိယအကြိမ်မြောက်အဖြစ် မန္တလေးမြို့တွင် ကျင်းပခြင်းဖြစ်ကြောင်း Myanmar Flaconer's Club တည်ထောင်သူ ကိုစိုင်းနောင်က ပြောသည်။

 

''ဒီပြိုင်ပွဲကို ၂၀၁၆ ခုနှစ်ကတည်းက ရန်ကုန်မြို့မှာ စတင်ကျင်းပလာပြီး အခု တတိယအကြိမ်မြောက် အဖြစ် ကျင်းပတဲ့ မန္တလေးမြို့က ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ဦးရေ ၁၅ ဦးအထိ တိုးတက်လာခဲ့ပြီး ပြိုင်ပွဲဝင်ငှက်နဲ့ အလှပြငှက် စုစုပေါင်း အကောင် ၂၀ နီးပါးအထိ ရှိလာပါပြီ၊ တစ်နှစ်ထက်တစ်နှစ် အမဲလိုက် ငှက်မွေးမြူသူ ပညာရှင်ဦးရေ တိုးတက်လာသလို မွေးမြူသူအချင်းချင်း ကလည်း မွေးမြူထိန်းသိမ်းပြုစုတဲ့ နည်းပညာတွေကို မျှဝေပေးတဲ့အတွက် အခုဆို ဝါသနာရှင်ပေါင်းကလည်း တစ်ထောင်ကျော်အထိ ရှိနေပါပြီ။ အခု ပြိုင်ပွဲဝင်တဲ့ ရှားပါးငှက်မျိုးစိတ်တွေက ပြည်တွင်း မျိုးစိတ်တွေလည်း ပါဝင်သလို ပြည်ပကမှာယူထားတဲ့ မျိုးစိတ်တွေလည်း ပါဝင်ပါတယ်။ လူနဲ့ ငှက်တွေ ရင်းနှီးမှုရရှိပြီးရင် သူ့သဘာဝအတိုင်း တောထဲကို ပြန်လွှတ်ပေးပါတယ် ဟု ၎င်းက ပြောသည်။

 

ယခုပြိုင်ပွဲတွင် လင်းယုန်ငှက်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သူ ဦးမောင်မောင်က ''ဒီလို အမဲလိုက် ငှက်အရိုင်းတွေကို ယဉ်ပါးအောင် လုပ်ရတာ အလွန်ခက်ခဲပါတယ်။ အချိန်ယူပြီး သင်ကြားပေးရပါတယ်။ ဒီငှက်တွေက ကျွန်တော်တို့နဲ့ နားလည်မှုရရှိပြီး တစ်သားတည်းဖြစ်သွားရင်တော့ ပီတိဖြစ်ရပါတယ်။ သက်ဆိုင်ရာဌာနတွေ အနေနဲ့လည်း ကျွန်တော်တို့ မွေးမြူသူတွေကို တရားဝင်ခွင့်ပြုမထားပေမယ့် လာရောက်တားမြစ်ခြင်း မရှိပါဘူး။ ဒီလိုပြိုင်ပွဲတွေမှာ အနိုင်ရရှိဖို့ထက် မွေးမြူသူအချင်းချင်း ငှက်ကို ယဉ်ပါးအောင် ပြုစုစောင့်ရှောက်တဲ့ ပညာရပ်တွေကို မျှဝေဖလှယ်ကြတဲ့အတွက် အကျိုးကျေးဇူးတွေ ရရှိပါတယ်  ''ဟု ပြောသည်။

 

ပြိုင်ပွဲတွင် လူနှင့်ငှက်ယှဉ်တွဲ၍ အမဲလိုက်ခြင်း လေထဲ၌ ဝဲပျံခြင်း၊ သားကောင်အတုအား ဆော့ကစားခြင်းများကို ပြသယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်ငှက်များအတွက် ပြိုင်ပွဲတစ်မျိုးလျှင် ပထမဆု တစ်ဆုတည်းသာ ရွေးချယ်၍ ဆုဖလားနှင့် ငွေကျပ် တစ်သိန်းစီ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မင်းထက်အောင် (မန်းကိုယ်ပွား)