မန္တလေး ၈    ဇန်နဝါရီ

 

ကုန်ထုတ်လုပ်မှုအပိုင်းတွင် တိုးတက်မှုများရှိလာစေရန်နှင့် အထောက်အပံ့ပေးနိုင်ရန် ရည်ရွယ်၍ မန္တလေး တိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI)နှင့် World Wide Fund For Nature (WWF) တို့ ပူးပေါင်းကျင်းပသော ရေရှည်တည်တံ့သော ကုန်ထုတ်လုပ်မှုနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းပွဲကို မန္တလေးမြို့၊၇၈လမ်းရှိ မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ခန်းမတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI)ဒုတိယ ဉက္ကဌ ဒေါ်ခင်လေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး သဘာဝစီမံကိန်းမှ စီမံကိန်းမန်နေဂျာ မစ္စတာ အူဂျွဲဖော်ခရယ်မှ ရေရှည်တည်တံ့သော ကုန်ထုတ်လုပ်မှုအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ထို့နောက် သဘာဝ စီမံကိန်းမှ စွမ်းအင်ဆိုင်ရာကျွမ်းကျင်သူ မစ္စတာ ဖိလစ်ပိုသစ် မှ စွမ်းအင်ထိထိရောက်ရောက် အသုံးချခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ရိုးမမန္တလေး ဒါရိုက်တာမှ နေရောင်ခြည်သုံး စွမ်းအင်နှင့်ပတ်သက်၍လည်းကောင်း၊ သဘာဝစီမံကိန်းမှ ပိုမိုသန့်စင်သော ကုန်ထုတ်လုပ်မှု အရာရှိ ဒေါက်တာမူမူဌေးမှ စွန်းပစ်ရေဆိုးများသန့်စင်ခြင်းစနစ် နှင့်ပတ်သက်၍ လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာအစိမ်းရောင်ဘဏ္ဍာရေးကျွမ်းကျင်းသူ မစ္စတာ အိုင်လန်ပိုလ်ကော့ဖ် မှ အစိမ်းရောင်ဘဏ္ဍာရေး နှင့်ပတ်သက်၍လည်းကောင်း၊အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းမှ နည်းပညာ အရာရှိ မစ္စတာ ဂျော်နသန်ဘတ်မှ လုပ်ငန်းခွင်ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ လည်းကောင်း အသီးသီး ဆွေးနွေးပြောကြားသည်။

 

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) မှ တာဝန်ရှိသူများ၊ World Wide Fund For Nature (WWF)  မှ တာဝန်ရှိသူများ၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ အဖွဲ့အစည်းအသီးသီးမှတာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)