မန္တလေး ၈ အောက်တိုဘာ

 

သတင်းနှင့်ကောလာဟလများအား ခွဲခြားနားလည်နိုင်ရန် အမြင်ဖွင့် အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးမြို့၊ ၇၈ လမ်းပေါ်ရှိ ဟိုတယ်မန္တလေးတွင် ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။

 

5

 

ရှေးဦးစွာ Smile Myanmar မှ အမှုဆောင်ဒါရိုက်တာ ဦးမျိုးဝင်းက ငြိမ်းချမ်းသော အမှန်တရား စီမံချက်နှင့် အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်း ပြောကြားသည်။ ထို့နောက် Smile Myanmar မှ နည်းပြ ဦးမင်းမင်းလတ်က ဦးဆောင်၍ သတင်းအမှားဆိုတာဘာလဲ၊ သတင်းအမှားများအား ကိုင်တွယ်ဖြေရှင်းမှုဆိုတာဘာလဲ၊ သတင်းအမှားနှင့် မီဒီယာ၊ နည်းပညာအသစ်များ၊ လိမ်ညာမှု၊ ကောလာဟလနှင့် ဝါဒဖြန့်ချိမှု၊ လုပ်ကြံသတင်း/သတင်းမှားများကို နားလည်ခြင်း၊ သတင်းအတုများအား စုံစမ်းဖော်ထုတ်ခြင်း၊ ကြားနေမှုနှင့် သမာသမတ်ကျမှု၊ ဘေးကင်းလုံခြုံမှု အစရှိသော အကြောင်းအရာများအား တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ Smile Myanmar မှ တာဝန်ရှိသူများ၊ Peaceful truth မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစာရေးဆရာအသင်းမှ တာဝန်ရှိသူများ၊ သတင်းမီဒီယာသမားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)