မန္တလေး ၁၁ ဖေဖော်ဝါရီ
မြန်မာ့ဒေသ နွား၊ ဆိတ် မျိုးကောင်းမျိုးသန့်များပေါ်ထွန်းလာပြီး မွေးမြူရေး လုပ်ငန်းများ ဖွံဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရေး ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ တိုင်းဒေသကြီးအဆင့် (ဆဌမအကြိမ်မြောက်) မြန်မာနွားသိုးအလှ၊ နို့စားနွားနှင့်ဆိတ် ပြပွဲ/ပြိုင်ပွဲဖွင့်ပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံးတွင် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၈ နာရီ က ကျင်းပခဲ့သည်။
ဖွင့်ပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ စိုးသန်းနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အမှတ်တရ စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးက အမှာစကား ပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းနိုင် က ပြပွဲ/ပြိုင်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
၎င်းနောက် ဝန်ကြီးနှင့်တာဝန်ရှိသူများက ခင်းကျင်းပြသထား သောမွေးမြူးရေးဆိုင်ရာ ပြခန်းများနှင့် ပြိုင်ပွဲဝင် မြန်မာနွားသိုးအလှ၊နို့စားနွားနှင့် ဆိတ် ပြခန်းများအား လှည့်လည် ကြည့်ရူ့အားပေးသည်။
အဆိုပါ ပြပွဲ/ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက် မှ ၁၂ ရက် အထိ ကျင်းပသွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးမှ မြန်မာ့နွားသိုး (၅၁)ကောင်၊ နို့စားနွား (၃၇)နှင့် ဆိတ်ထီး /မ(၆၃)ကောင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရပြီး ဆုချီးမြှင့်ပွဲအား ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။
ဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင် နွား/ဆိတ်ပိုင်ရှင်များ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)