မန္တလေး ၁၂ နိုဝင်ဘာ

 

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၂ လမ်းနှင့် ၇၇ လမ်းရှိ မြောက်ပြင် ထားဝယ်ရပ်တွင် တန်ဆောင်တိုင်လပြည့်နေ့ ညပိုင်း၌ ရိုးရာဓလေ့တစ်ခုအဖြစ် မုန့်ပျားသလက် စတုဒိသာ ကျွေးမွေးခြင်းအလှူအား စည်ကားစွာ ကျင်းပခဲ့သည်။

 

အဆိုပါ ထားဝယ်ရပ်သည် မန္တလေးမြို့တည်နန်းတည် မင်းတုန်းမင်းကြီးမှ ရတနာပုံရွှေနန်းတော်ရှိ မြောက်ထားဝယ်ဆောင် မင်းမှုထမ်းများအား စုစည်းနေထိုင်ရန် နေရာချပေးထားသည့် ရပ်ကွက်တစ်ခုဖြစ်ပြီး ၎င်းထားဝယ်ရပ်တွင် သမိုင်းအစဉ်အလာအရ တန်ဆောင်တိုင်လပြည့်နေ့၌ မုန့်ပျားသလက်ပြုလုပ်၍ စတုဒိသာ ကျွေးမွေးခြင်းအလှူကို ရိုးရာဓလေ့တစ်ခုအဖြစ် ကျင်းပလာခဲ့သော်လည်း လွန်ခဲ့သည့် ၅ နှစ်ခန့်မှစ၍ ပျောက်ကွယ်လုနီးဖြစ်ခဲ့ရာမှ ယခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

''မန္တလေးမြို့ရဲ့ တန်ဆောင်တိုင် လပြည့်နေ့မှာ ထိန်ထိန်သာနေတဲ့ လမင်းကြီးနဲ့အပြိုင် အများစုက မုန့်လုံးရေပေါ်လုံးပြီး စတုဒိသာအဖြစ် ကျွေးမွေးလှူဒါန်းကြပေမယ့် ကျွန်တော်တို့ ထားဝယ်ရပ်ကတော့ ထူးထူးခြားခြားပဲ မုန့်ပျားသလက်  စတုဒိသာ လုပ်ပြီး လှူဒါန်းပါတယ်။ တန်ဆောင်တိုင် အဖိတ်နေ့ကတည်းက အိမ်တိုင်းမှာ မုန့်ကြိတ်ပြီး ပြင်ဆင်ထားကြပါတယ်။ လပြည့်နေ့ ညပိုင်းမှာတော့ ကိုယ့်အိမ်ရှေ့အသီးသီးမှာ အိုးကင်းလေးတွေ၊ မုန့်ရည်အိုးလေးတွေ၊ မီးဖိုလေးတွေ၊ စားတော်ပဲပြုတ် လင်ပန်းလေးတွေနဲ့ မုန့်ပျားသလက်လုပ်ပြီး ဘယ်သူကိုမှ လာစားပါလို့ ဖိတ်ကြားခြင်းမပြုဘဲ မခေါ်မုန့်လုံးလို မည်သူမဆို ကြိုက်သလို ဝင်ရောက်စားနိုင်ပါတယ်။ ဒါက ကျွန်တော်တို့ မြောက်ပြင်ထားဝယ်ရပ်ရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခုပါပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်လောက်ကစပြီး အကြောင်းအမျိုးမျိုးကြောင့် ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရတယ်။ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ဖို့ ဆက်လက်ကြိုးစားသွားမှာပါ''ဟု ထားဝယ်ရပ်မှ ဒေသခံတစ်ဦးက ပြောသည်။

 

အဆိုပါ စတုဒိသာ ကျွေးမွေးခြင်းအလှူအား မန္တလေးမြို့တစ်ခွင်မှ လာရောက်လေ့လာ စားသုံးသူများဖြင့် စည်ကားလျက်ရှိပြီး ရိုးရာဓလေ့ပွဲတော် ရေရှည်တည်တံ့စေရန်အတွက် ထိန်းသိမ်းစောင့်ရှောက်စေလိုကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)