မန္တလေး ၁၆ အောက်တိုဘာ
ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံးနှင့် မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးတို့ ပူးပေါင်းကျင်းပသည့် Digtal Evidence ဒစ်ဂျစ်တယ် အထောက်အထားဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာခွဲက မန္တလေးမြို့ Sukura Princess Hotel ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး ဥပဒေအရာရှိကိုယ်စား ဒုတိယတိုင်းဥပဒေအရာရှိ ဦးသိန်းဌေးနှင့် UNODC မှ Anti Correption Programme Manager Ms.Marie Pegie Cauchois တို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် UNODC မှ Law Enforcement Expert ဖြစ်သူ Mr.Donald Mckenzie နှင့် အမေရိကန် တရားရေးဌာနမှ Mr.Robert R.Strang တို့က စာတမ်းအမှတ်အသား၊ ဓာတ်ပုံ၊ အသံ၊ ရုပ်ရှင် စသည့် ပုံစံမျိုးစုံဖြင့် ရရှိနိုင်သော မှတ်တမ်းမှတ်ရာ သက်သေခံ အထောက်အထားများအကြောင်း၊ မြန်မာနိုင်ငံရှိ ဒစ်ဂျစ်တယ် အထောက်အထားနှင့် ဥပဒေမူဘောင်များ၊ ဒစ်ဂျစ်တယ် အထောက်အထားများ၊ သိုလှောင်သိမ်းဆည်းခြင်းနှင့် အင်တာနက်အကြောင်း၊ ဒစ်ဂျစ်တယ် အထေက်အထားများ ထုတ်ယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဒစ်ဂျစ်တယ် အထောက်အထားနှင့် အီလက်ထရွန်နစ် အထောက်အထားတို့၏ မှန်ကန်မှုကို သက်သေပြရန် စည်းမျဉ်းများနှင့် ဆောင်ရွက်ပုံ နည်းလမ်းများအကြောင်း ဆွေးနွေးပို့ချကြပြီး UNODC မှ တာဝန်ရှိသူများ၊ တက်ရောက်လာကြသော ဥပဒေအရာရှိများက ဒစ်ဂျစ်တယ် အထောက်အထားများ ကိုင်တွယ်စီမံခြင်းနှင့် တရားရုံးသို့ တင်ပြဆွေးနွေးခြင်းများကို အုပ်စုအလိုက် ဆွေးနွေးခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ခရိုင်နှင့် မြို့နယ်ဥပဒေရုံးများမှ သင်တန်းသား ဥပဒေအရာရှိ (၂၅)ဦး တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၆ ရက်မှ အောက်တိုဘာ ၁၇ ရက်နေ့အထိ (၂)ရက် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)


