မန္တလေး၊  ၂၅    ဒီဇင်ဘာ

ကိုဗစ်အလွန်ကာလတွင် ခရီးသွားများအား ဆွဲဆောင်နိုင်ရန် ရည်ရွယ်၍ မန္တလေးမြို့၊ ဦးပိန်တံတားနှင့် တောင်သမန်အင်း အရှေ့တောင်ဘက်ရှိ ရွာသစ်ကျေးရွာအနီးတွင် စက္ကူပန်းနန်းတော် အပန်းဖြေဥယျာဉ်ကို စက္ကူပန်းပင်ပေါင်း တစ်သိန်းကျော်ဖြင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ပန်းနန်းတော်ဥယျာဉ် မန်နေဂျာ ဦစိုးဝင်းအောင် က ပြောပြသည်။

 

အဆိုပါ ပန်းဥယျာဉ်ကို  ၂၀၂၀ ပြည့်နှစ် သင်္ကြန်ကာလအမီဖွင့်လှစ်ရန် လျာထားခဲ့သော်လည်း မတ်လအတွင်း ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ဖွင့်လှစ်ချိန်နောက်ကျခဲ့ပြီး ပန်းဥယျာဉ်ကို ဦးပိန်တံတားနှင့် တောင်သမန်အင်း၏ အရှေ့တောင်ဘက်ရှိ ရွာသစ်ကျေးရွာအနီးတွင် စက္ကူပန်းပင်ပေါင်း တစ်သိန်းကျော်ဖြင့် မြေယာရှုခင်းပြုပြင်ကာ စက္ကူပန်းနန်းတော်အပန်းဖြေဥယျာဉ်ကို အကောင်အထည်ဖော် ပြင်ဆင်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

 

မန္တလေးမြို့မှာ ခရီးသွားတွေကို ဆွဲဆောင်နိုင်အောင်၊ အပန်းဖြေလည်ပတ်စရာ နေရာတစ်ခုဖြစ်အောင် တည်ဆောက် ထားကြောင်း၊ မြေဧက(၈)ဧကလောက်အတွင်းမှာ စက္ကူမျိုးရင်းပေါင်း(၇၀)ကျော်၊ အရောင်ခွဲပေါင်း (၃၀)ကျော်နှင့် စက္ကူပန်းပင်ပေါင်း တစ်သိန်းကျော်နဲ့ ပုံဖော်ဆောင်ရွက်နေတာ တော်တော်များများပြီးစီးနေပါပြီ၊ စက္ကူပန်းက အနံ့မရှိပေမယ့် ကမ္ဘာ့နိုင်ငံတော်တော်များမှာ စက္ကူပန်းနဲ့ အလှဆင်ပုံဖော်တာတွေ တွေ့နိုင်ပါတယ်၊ အရောင်အသွေး စုံပန်းတွေကို  မြေယာရှုခင်းပုံတွေ ပုံဖော်နေသလိုမျိုး ခံစားနိုင်အောင်လို့ပါ။ မန္တလေးမြို့မှာ ပြည်သူလူထုအပန်းဖြေစရာ နေရာတစ်ခု ဖြစ်လာအောင် ရည်ရွယ်ကာဆောင်ရွက်ထားပါတယ်။ ပန်းဥယျာဉ်အတွင်းမှာ ကလေးကစားကွင်းတွေ၊ ဓာတ်ပုံရိုက်စရာ နေရာတွေ၊ ပန်းဝင်္ကပါတွေ၊ စားသောက်ဆိုင်တွေ၊ နေဝင်ဆည်းဆာ ကြည့်ရှုရမည့် တောင်ကုန်းတွေပါ ဆောင်ရွက်ထားပါတယ်။ စက္ကူပန်းပျိုးပင်အရောင်းစင်တာလည်း ဖွင့်လှစ်ထားပါတယ်၊ ကိုဗစ်အလွန်ကာလမှာ  ဖွင့်လှစ်နိုင်အောင် ပြင်ဆင်နေပါတယ်၊ ဟု မန်နေဂျာ ဦစိုးဝင်းအောင် က ပြောကြားသည်။

 

“စက္ကူပန်းနန်းတော်ဖွင့်လှစ်ပါက လူအများ စိတ်ဝင်စားစရာနေရာတစ်ခု ဖြစ်လာနိုင်သည့်အပြင် ပန်းဥယျာဉ်ကြီး ထိန်းသိမ်းရေးလုပ်ငန်းများဖြစ်တဲ့ ရေလောင်းပေါင်းသင်တာတွေ၊ စက္ကူပန်းမျိုးခွဲတာတွေ၊ အရောင်ခွဲတာတွေ၊ ပုံသွင်းတာတွေ ဆောင်ရွက်ရန် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးတဲ့နေရာ တစ်ခုလည်း ဖြစ်လာမယ် ဟု ၎င်း က ဆက်လက်ပြောကြားသည်။

 

ကိုဗစ်အလွန်ကာလ ခရီးသွားလာမှုပြန်လည် မြင့်တက်လာချိန်တွင် မန္တလေးမြို့မှာ ခရီးသွားတွေ လာရောက် လည်ပတ်စရာ ပန်းဥယျာဉ်အဖြစ် အဆင်သင့်ဖြစ်ရန် ပြင်ဆင်လျက်ရှိပြီး စက္ကူပန်းနန်းတော်ဖွင့်လှစ်ပါက လူအများ စိတ်ဝင်စားစရာနေရာ တစ်ခုဖြစ်လာနိုင်သည့်အပြင် ဒေသခံများကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)