ရန်ကုန်    ဧပြီ   ၂၃

 

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နှင့် အချို့ဒေသများတွင် လူနှင့်အဆောက်အအုံများစွာ ထိခိုက်ပျက်စီးမှုရှိခဲ့ သော်လည်း ပုဂံဒေသတွင်လည်း  ရှေးဟောင်း ဘုရား၊ စေတီ၊ ပုထိုးများ အနည်းငယ်သာ ထိခိုက်မှုရှိခဲ့ပြီး အချိန်နှင့်တစ်ပြေးညီ ကြံ့ခိုင်ရေးလုပ်ငန်းများ မြန်ဆန်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း ပုဂံ‌ရှေးဟောင်းသုတေသန ပြုပြင်ထိန်း သိမ်း‌ရေးဌာနမှ သိရသည်။

 

“ပုဂံမှာငလျင်လှုပ်တော့ အင်္ဂတေပိုင်းအနည်းအကျဉ်းပဲထိပါတယ်။ ပဲ့ကျ၊ ပြိုကျ၊ ပြုတ်ကျ တာမရှိပါဘူး။ ငလျင်လှုပ်တဲ့နေ့မှာပဲ အဖွဲ့တွေခွဲပြီး ချက်ခြင်းကွင်းဆင်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်ကတည်း က UNESCO နဲ့ပူးပေါင်းပြီး ငလျင်လှုပ်ခဲ့ရင် နံရံဆေးပန်းချီတွေကို ဘယ်လိုထိန်းသိမ်းမလဲ၊ ဘာတွေစပြီးလုပ်ဆောင်မလဲ၊  ဘယ်လိုကြိုတင် ကာကွယ်မလဲဆိုပြီး လုပ်ဆောင်ခဲ့ကြတာရှိပါတယ်။ ၂၀၁၆ ခုနှစ်၊ ငလျင်လှုပ်ပြီးချိန်မှာလည်း ချက်ခြင်းစာရင်းကောက်ယူပြီး စနစ်တကျ ကြံခိုင်ရေးလုပ်ငန်း တွေ လုပ်ဆောင်နိုင်ခဲ့တာရှိပါတယ်။ ယခုငလျင်ကလည်း ကြာကြာလေးလှုပ်ခတ်ခဲ့ပေမယ့် ကွင်းဆင်း ကြည့်တဲ့အခါမှာ အုတ်ကြိုအုတ်ကြားက အမှုန်အမွှားကျတာနဲ့ အုတ်နံရံအချို့အက်ကြောင်းအနည်းငယ် ဖြစ်ပေါ် တာပဲရှိပါတယ်။ စေတီ၊ ပုထိုးများဟာ အတွင်းပိုင်းသိပ်သည်းမှုရှိတာကြောင့် အပြင်ပိုင်း အနည်းငယ်အက်ကြောင်းဖြစ်တာရှိပေမယ့် အန္တရာယ်မရှိသလို အုတ်တွေပဲ့ကျတာလည်းမရှိခဲ့ ပါဘူး”ဟု ပုဂံရှေးဟောင်းသုတေသန ပြုပြင်ထိန်းသိမ်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်လင်က ပြောကြားသည်။

 

ငလျင်လှုပ်ခတ်သော မတ် ၂၈  မွန်းလွဲ ၁၂ နာရီကျော်အချိန်တွင် ပုဂံဒေသရှိ ရွှေစည်းခုံ၊ ထီးလိုမင်းလို အပါအဝင် အထင်ကရ စေတီတော်တို့၏ ထီးတော်များ လှုပ်ယမ်းခဲ့သော်လည်း ထိခိုက်ပျက်စီးမှုမရှိခဲ့ပဲ စေတီသုံးဆူရှိ နံရံဆေးပန်းချီအချို့ အနည်းငယ်ထိခိုက်မှုအား ပြန်လည်ပြုပြင်ကုသိုလ်ယူနိုင်ရန် ကုသိုလ်ရှင်များအား ပုဂံရှေးဟောင်းသုတေသနပြုပြင်ရေးဌာနမှ ဖိတ်ခေါ်ထားသည်။

           

၂၀၁၉ ခုနှစ်၊ ဇူလိုင် ၆ ရက်တွင် Azerbaijan နိုင်ငံ၊  Baku မြို့တော်၌ ကျင်းပသည့် (၄၃)ကြိမ်မြောက် UNESCO World Heritage Committee အစည်းအဝေးတွင် မြန်မာနိုင်ငံရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသမှ ဘုရား၊ စေတီများအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ပြီး ရှေးဟောင်း သုတေသနဦးစီးဌာနအနေဖြင့် UNESCO နှင့်လက်တွဲ၍ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းမှုတွင် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။

ဓာတ်ပုံ - ကနူး  

 ညိမ်းသူ(သတင်းစဉ်)