နေပြည်တော် မတ် ၂၈
မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁) (MICC-1)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး မန္တလေးငလျင်ကြီး တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများအား အမှတ်တရဂုဏ်ပြုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မန္တလေးငလျင်ကြီး လှုပ်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ချိန်တွင် ပါဝင်ခဲ့သည့် ရှာဖွေကယ်ဆယ်ရေးနှင့် ကျန်းမာ ရေးအဖွဲ့များ၊ ထောက်ပံ့ပစ္စည်းများ လှူဒါန်းခဲ့သော နိုင်ငံ/ အဖွဲ့အစည်းများ၏ သံရုံးများမှ သံအမတ် ကြီးများနှင့် သံရုံးကိုယ်စားလှယ်များ၊ စစ်သံမှူးများ၊ မန္တလေးငလျင်ကြီး တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခဲ့သော တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဆောက်လုပ် ရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ငလျင်ဘေးအန္တရာယ်ကျရောက်ချိန်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပါဝင်လှူဒါန်းခဲ့သည့် အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော အလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီး ကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်၍ ဦးညွတ်ဂါရဝပြုကြသည်။
ထို့နောက် နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့် အခမ်းအနားသည် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့၌ ပမာဏ ၇ ဒသမ ၇ မက်ဂနီကျူ့ရှိသည့် အင်အားအလွန်ပြင်းထန်သော မန္တလေး ငလျင်ကြီး လှုပ်ခတ်ခဲ့သည်မှာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သဖြင့် ငလျင်ကြီးကြောင့် မိဘပြည်သူများ၏ အသက်ဆုံးရှုံးမှုများ၏ ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းကြေကွဲမှုများနှင့်အတူ ပြန်လည် ထူထောင်မှုများ လုပ်ဆောင်နေမှု အထိမ်းအမှတ် နှစ်ပတ်လည်အခမ်းအနားပင်ဖြစ်ကြောင်း။
မန္တလေး ငလျင်ကြီးကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် (၁၀)ခု၌ သေဆုံးသူ ၃၈၁၈ ဦး၊ ပျောက်ဆုံး သူ ငါးဦး၊ ဒဏ်ရာရသူ ၅၁၀၄ ဦး၊ ဘေးသင့် အိမ်ထောင်စု ၁၆၂၅၆၃ စု၊ ဘေးသင့်လူဦးရေ ၄၂၄၀၆၃ ဦးနှင့် ယာယီရွှေ့ပြောင်းလူဦးရေ ၂၇၉၁၁၁ ဦး ရှိခဲ့ကြောင်း၊ ပျက်စီး ဆုံးရှုံးမှုအနေဖြင့် စုစုပေါင်း တန်ဖိုးကျပ် ၇၉၇၉ ဘီလီယံကျော် ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ဆုံးရှုံးခဲ့ရမှု များစွာရှိခဲ့သကဲ့သို့ ပြည်သူတစ်ဦး တစ်ယောက်ချင်းစီနှင့် မိသားစုများတွင်လည်း စီးပွား ရေး၊ လူမှုရေးကအစ ထိခိုက်နစ်နာ ဆုံးရှုံးမှု များစွာရှိခဲ့ရသောကြောင့် မိမိတို့အတွက် ကြီးမားသည့် သင်ခန်းစာဟုပင် ပြောရမည်ဖြစ်ကြောင်း။
မိမိအနေဖြင့် မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးပြီးချင်း ငလျင်ဘေးသင့်နေရာများကို ချက်ချင်း သွားရောက်ကြည့်ရှုခဲ့ရာ ပျက်စီးဆုံးရှုံးမှုပမာဏ များပြားသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ချက် ချင်းဆိုသကဲ့သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ ငလျင်ဒဏ်သင့်နေရာများကို အရေးပေါ် အခြေအနေအဖြစ် ထုတ်ပြန်ကြေညာပြီး ကယ်ဆယ်ရေးနှင့်ကူညီထောက်ပံ့ရေးလုပ်ငန်း များ ပြည်တွင်း၊ ပြည်ပက အကူအညီ အထောက်အပံ့များပေးအပ်နိုင်ရန် ချက်ချင်းဖိတ်ခေါ် ကမ်းလှမ်းခဲ့ကြောင်း။
ငလျင်ဒဏ်သင့်သူများအတွက် ပြည်တွင်း၊ ပြည်ပအလှူရှင်များထံမှ လူသားချင်းစာနာမှု အကူ အညီများသည် ရေလမ်း၊ ကုန်း လမ်း၊ လေကြောင်းတို့ဖြင့် တဖွဲဖွဲ ရောက်ရှိလာခဲ့ကြောင်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ နီပေါနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စင်ကာပူနိုင်ငံမှ အဖွဲ့အစည်းများ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ UAE နိုင်ငံ၊ ဗင်နီဇွဲလားသမ္မတနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ AHA Centre စသည့် နိုင်ငံနှင့် အဖွဲ့အစည်းများမှ ပေးပို့ လှူဒါန်းသည့် ပစ္စည်းစုစုပေါင်း ၂၆၆၁ ဒသမ ၃၂၁ တန်ကို လက်ခံရရှိခဲ့ပြီး အချိန်နှင့်တစ်ပြေးညီ ငလျင်ဘေးသင့်ဒေသများဆီသို့ လက်ကျန်မရှိ ဖြန့်ခွဲပေးခဲ့ကြောင်း။
ထို့အပြင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ လှူဒါန်းသည့် ယာယီနေထိုင်ရေး၊ ယာယီရုံးများ ဖွင့်လှစ်နိုင်ရေးအတွက် Prefabri-cated Office များ၊ Prefabricated House များ၊ ငလျင်ဘေးတုံ့ပြန်ရေး လုပ်ငန်းများအတွက် စက်သုံးဆီများ၊ အရေးပေါ်ခွဲစိတ်ခန်းများ၊ ဆေးဝါးများကိုလည်း စနစ်တကျ ဖြန့်ခွဲအသုံးပြုခဲ့ကြောင်း။
အရေးပေါ် ရှာဖွေကယ်ဆယ်ရန်၊ ကျန်းမာရေးစောင့်ရှောက်ရန်အတွက် နိုင်ငံပေါင်း ၂၅နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေး ဝန်ထမ်း ၁၉၃၅ ဦး၊ ကျန်းမာရေးစောင့် ရှောက်ရေးပညာရှင်နှင့် ဆရာဝန် ၈၄၅ ဦးတို့ လာရောက်ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ကြကြောင်း၊ ထိုကဲ့သို့ နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့ များ အပါအဝင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များသည် အဆောက်အအုံများအတွင်း ပိတ်မိနေသူများကို ခက်ခက်ခဲခဲ အင်တိုက်အားတိုက် စွန့်စားပြီး ကြိုးပမ်းရှာဖွေ ကယ်ဆယ်ပေးခဲ့ကြသည့်အတွက် အသက်ရှင်လျက် စုစုပေါင်း ၆၅၃ ဦး ကယ်ဆယ်နိုင်ခဲ့ကြောင်း။
ငလျင်ဘေး ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပြသခဲ့ကြသည့် မိဘပြည်သူများ၏ မေတ္တာစေတနာ၊ ရဲစွမ်းသတ္တိ၊ စည်းလုံးညီညွတ်မှုနှင့် ဇွဲလုံ့လများသည် မိမိတို့နိုင်ငံအတွက် အကြီးမားဆုံးနှင့် ဂုဏ်ယူစရာအကောင်းဆုံး အမျိုးသားရေးဆိုင်ရာ အရင်းအနှီး များပင်ဖြစ်ကြောင်း၊ အသက် အန္တရာယ်များကြားမှ ကြံ့ခိုင်ရဲဝံ့စွာဖြင့် သတ္တိရှိရှိ ကြိုးစားရှင်သန်ကျန်ရစ် ပေးကြသည့် ပြည်သူများအား ဝမ်းမြောက်ဂုဏ်ပြုပါကြောင်းနှင့် သက်စွန့်ကြိုးပမ်း ရှာဖွေကယ်ဆယ် ပေးခဲ့ကြသည့် နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေး အဖွဲ့များ အပါအဝင် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့များကိုလည်း နိုင်ငံတော်၊ ပြည်သူအားလုံးနှင့် ရှင်သန်ကျန်ရစ်သူများကိုယ်စား အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်းကို အလေးအနက်ပြောကြားလိုကြောင်း။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre–DMC)ကို ငလျင်ဖြစ်ဖြစ်ပြီးချင်း ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အရေးပေါ် တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာများကို ကဏ္ဍအလိုက် နေ့ညမပြတ် အားသွန်ခွန်စိုက်ဖြင့် စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်ကြောင့် ပြိုကျ အဆောက်အအုံများအတွင်း ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်နိုင်ရေး၊ ငလျင်ဘေးသင့်သူများ မိုးမကျမီ ယာယီအမိုးအကာအောက် ရောက်ရှိရေး၊ လတ်တလော စားဝတ်နေရေး အဆင်ပြေစေရေး၊ ဆက်သွယ်ရေး၊ လျှပ်စစ်မီးနှင့်သောက်သုံးရေရရှိရေး၊ ကျောင်းများ အချိန်မီပြန်ဖွင့် နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး စသည်များကို ဦးစားပေးပြီး အလျင်အမြန် လုပ်ပေးခဲ့ ကြောင်း။
နိုင်ငံတော်အနေဖြင့် မန္တလေးငလျင်ကြောင့် သေဆုံးခဲ့သူ တစ်ဦးကို ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် ကျန်ရစ်သူ မိသားစုများအား ထောက်ပံ့ပေးခဲ့သကဲ့သို့ ထိခိုက်ဒဏ်ရာရသူများနှင့် ပြည်သူလူထု အိမ်ရာပျက်စီးမှုများအတွက် ငွေနှင့် တည်ဆောက်ရေးပစ္စည်းများကို ငွေကျပ်ဘီလီယံ ၁၆၀၀ ကျော် ထောက်ပံ့ပေးခဲ့ကြောင်း၊ ဘာသာရေးကျောင်းများ၊ ရုံးဌာနများနှင့် ဝန်ထမ်းအိမ်ရာများ၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံ အဆောက်အအုံများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အဆောက်အအုံများ ပြန်လည် ပြင်ဆင်မွမ်းမံရန်၊ အသစ်ပြန်လည် တည်ဆောက်ရန် ထောက်ပံ့ခြင်း စသည်တို့အတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ငွေကျပ် ၃၄၂၁ ဒသမ ၉၅၇ ဘီလီယံကျော် ထောက်ပံ့ပေးခဲ့ကြောင်း။
နိုင်ငံတော်အနေဖြင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ရေတိုရေရှည် အစီအမံများချမှတ် ဆောင်ရွက်လျက်ရှိရာ မူလအခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်သည့် ပြန်လည်ထူထောင်မှုဖြစ်စေရေး၊ မည်သူတစ်ဦးတစ်ယောက်မှ ချန်လှပ်မှု မရှိစေရေးတို့ကို အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့်လည်း လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ကူညီပေးမှုနှင့် လူမှုကာကွယ်ရေး၊ အခြေခံအဆောက် အအုံများ ပြန်လည်တည်ဆောက်ရေး၊ စီးပွားရေး ပြန်လည်ရှင်သန်ရေးနှင့် ကြံ့ကြံ့ခံပြီး ခြုံငုံမှုရှိသည့် ပြုပြင်ပြောင်းလဲမှုများဖြစ်ရေး စသည့် မဟာဗျူဟာမြောက် မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် ဆောင်ရွက်ရန် လမ်းညွှန်အုတ်မြစ်ချပေးခဲ့ခြင်း ဖြစ်ကြောင်း။
တစ်ဖက်တွင်လည်း ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင် ခြင်း သုံးသပ်ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စီးပွားရေး လုပ်ငန်းများ ပြန်လည်နိုးထရုန်းကန် ရှင်သန်နိုင်ရေး နည်းလမ်းနှင့် အခွင့်အလမ်းများကို ဖော်ထုတ် ဆွေးနွေးအဖြေရှာ ဆောင်ရွက်ခဲ့ကြကြောင်း။
အလားတူ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းနှင့် စပ်လျဉ်းပြီး ငလျင်ဘေးကြောင့် လူသေဆုံးမှု အများစုအနေဖြင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ သတ်မှတ်ချက်များ၊ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် မညီညွတ်ဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံများ ပြိုကျပျက်စီးမှုကြောင့် ဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် နောင်အနာဂတ်ကာလ အဆောက်အအုံများ ဆောက်လုပ်ရာတွင် ပြင်းအားအဆင့်(၈)အထိ ခံနိုင်ရည်ရှိသည့် အဆောက်အအုံများ ဆောက်လုပ်သွားရန်၊ မူလထက် ပိုမိုကောင်းမွန်သည့် အဆောက်အအုံများ၊ လမ်းတံတားများဖြစ်စေရေး၊ ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်သည့် မြို့များကို ဖော်ဆောင်ပေးနိုင်ရေး မူဝါဒများ ချမှတ်ဆောင်ရွက်ပေးလျက်ရှိပြီး အလေးအနက်ထား လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။
အနာဂတ်တွင် ဘေးအန္တရာယ်မှ လုံခြုံအာမခံမှုရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ဖန်တီးတည်ဆောက်မည် ဆိုပါက ဘေးကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရမှုများအပေါ် သင်ခန်းစာယူပြီး နောင်တွင် အဆောက်အအုံများ၊ လမ်းတံတားများ တည်ဆောက်ရာတွင် Building Codes အပါ အဝင် သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီအောင် ဆောင်ရွက်သွားကြရေးသည် အဓိကကျပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ တည်ဆောက်ရေးကဏ္ဍတွင် ဦးထမ်းပဲ့ထမ်း ပါဝင်ဆောင်ရွက်နေကြသည့် သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကကဏ္ဍမှ အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်များ၊ ရင်းနှီးမြှုပ်နှံသူ Developer များ၊ တည်ဆောက်ရေး လုပ်ငန်းသုံး ပစ္စည်းထုတ်လုပ်တင်သွင်း ဖြန့်ဖြူးရောင်းချသူများ အပါအဝင် သက်ဆိုင်သူအားလုံးအနေဖြင့် အနာဂတ်ကာလများတွင် မိမိတို့ နိုင်ငံသူ နိုင်ငံသားများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ချ လုံခြုံသည့် အခြေခံအဆောက်အအုံများ ဖန်တီးဆောက်လုပ်ပေးကြရန် ထပ်မံတိုက်တွန်းမှာကြားလိုကြောင်း။
နိုင်ငံတော်အနေဖြင့် ငလျင်ဘေး ပြန်လည်ထူထောင်ရေးကို ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ လက်ရှိအချိန်အထိ ကဏ္ဍအသီးသီးတွင် ပြီးစီးမှု ၈၄ ရာခိုင်နှုန်းခန့်ရှိပြီး အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီကာလအတွင်း နိုင်ငံ့တာဝန်ကို လွှဲပြောင်းယူမည့် အစိုးရသစ်အနေဖြင့် လက်ရှိအရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ငလျင်ဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း။
ထိုကဲ့သို့ ရာသီဥတုသဘာဝ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှု၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲ မှုများအပြင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေရှိသည့် စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍစုံတွင် လိုက်လျောညီထွေ ဖြစ်အောင် ပြုပြင်ပြောင်းလဲနိုင် စွမ်းတို့ကို အခြေခံတွက်ချက်ထား သည့် ကမ္ဘာလုံးဆိုင်ရာ ဘေးဖြစ်နိုင်ခြေနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ ညွှန်ကိန်း ၂၀၂၅ (World Risk Index)အရလည်း မြန်မာနိုင်ငံသည် အဆင့် ၆ နေရာတွင် ရှိနေကြောင်း၊ ယင်းတို့ကို ကြည့်ခြင်း အားဖြင့် မြန်မာနိုင်ငံအနေဖြင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို ကဏ္ဍတိုင်းတွင် သေချာ ထည့်သွင်း ဆောင်ရွက်ကြရန် အရေးတကြီး လိုအပ်နေသည်ကို အထူးသတိပြု လိုက်နာဆောင် ရွက်ကြရန် အသိပေးပြောကြား လိုကြောင်း။
တပ်မတော်အစိုးရ တာဝန်ယူသည့် ၅ နှစ်တာကာလအတွင်း ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း ဖြစ်ပွားသည့် ကိုဗစ် - ၁၉ ကူးစက် ရောဂါဘေး၊ ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်းဘေး၊ ၂၀၂၄ ခုနှစ် ရာဂီ မုန်တိုင်းဘေးနှင့် ၂၀၂၅ ခုနှစ်တွင် မန္တလေးငလျင်ဘေးတို့ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး အဆိုပါသဘာဝ ဘေးအန္တရာယ်များကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးခဲ့ရုံမျှမက နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အဟန့်အတားဖြစ်စေခဲ့ကြောင်း။
အင်အား အလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှုများ ဖြစ်ခဲ့ရုံမျှမက နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ကြီးမားစွာ ထိခိုက်ခဲ့ရသော်လည်း မြန်မာလူမျိုးများ၏ ပြင်းပြသည့် စိတ်ဓာတ်နှင့် ကြံ့ကြံ့ခံနိုင်မှု၊ စုစည်း ညီညွတ်မှုများကြောင့် အခက်အခဲ၊ အဟန့်အတားများကို အောင်မြင်သည့် အတိုင်းအတာ တစ်ခုအထိ ရင်ဆိုင်ကျော်လွှား သွားနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ဆက်လက်၍လည်း မူလအခြေ အနေထက် သာလွန်အောင် ပြန်လည် တည်ဆောက်နိုင်လိမ့်မည်ဟု အခိုင်အမာပြောကြားလိုကြောင်း။
အစကောင်းမှ အနှောင်းသေချာ ဆိုသကဲ့သို့ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းများတွင် မူလကတည်းက ထိထိရောက်ရောက် ကြိုတင်စီမံ ဆောင်ရွက်ထားကြ ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက် ထားမှသာလျှင် သဘာဝဘေးကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် သုံးစွဲရသည့် ကုန်ကျစရိတ်ကို ခုနစ်ဆခန့် လျော့နည်းသက်သာစေနိုင်သည် ဟု ပညာရှင်များက ဖော်ထုတ်ထားသည့်အတွက် အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့ကို မဖြစ်မနေ ထည့်သွင်းစဉ်းစား အကောင် အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
ထိုကဲ့သို့ ကြိုးပမ်းတည်ဆောက်ရာတွင်လည်း နိုင်ငံတော်အစိုးရ၏ အင်အားတစ်ခုတည်းဖြင့် မလုံ လောက်ဘဲ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း နည်းလမ်းဖြင့် ဆောင်ရွက်မှသာ အောင်မြင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် ဘေးအန္တရာယ် အမျိုးမျိုး၊ အခက်အခဲအမျိုးမျိုး ရင်ဆိုင်ရချိန်တိုင်းတွင် “We are Stronger, We are Together” ဟူသည့် စိတ်ဓာတ်ခံယူချက်ဖြင့် ကြံ့ကြံ့ခံ ကျော်လွှားပေးခဲ့ကြသကဲ့သို့ အနာဂတ်ကာလ နိုင်ငံ၏ မျက်နှာစာသစ် ဖွင့်လှစ်မှုခရီးတွင် လည်း အလားတူ စိတ်ခွန်အားများကို ဆက်လက်မွေးမြူပြီး နိုင်ငံတော်နှင့် ပြည်သူ ကြည်ဖြူစွာ လက်တွဲရင်ဆိုင် ကျော်ဖြတ်သွားကြရန် မှာကြားလိုကြောင်း။
အနာဂတ်တွင် သဘာဝဘေး ဒဏ်အပါအဝင် နိုင်ငံ့အတွက် ကျရောက်လာမည့် အန္တရာယ် ရန်စွယ် အခက်အခဲမှန်သမျှကို စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းရင်ဆိုင်ပြီး ကြံ့ကြံ့ခံနိုင်သည့် ရေရှည် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးကို တည်ဆောက်ကြပါဟု တိုက်တွန်းပြောကြားရင်း ငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ရဟန်းရှင် လူအပေါင်း ကောင်းရာမွန်ရာ ရောက်ရှိ ကြပါစေကြောင်း၊ နိုင်ငံတော်ကြီးသည်လည်း အနာဂတ်တွင် ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းရှင်းပြီး တိုင်းရင်းသား မိဘပြည်သူ အားလုံးကျန်းမာချမ်းသာကြပါစေကြောင်းကို ဆန္ဒပြုပါကြောင်း ပြောကြားသည်။
ယင်းနောက် မန္တလေးငလျင်ကြီး တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများအား အမှတ်တရ ဂုဏ်ပြုတံဆိပ်များ ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက မန္တလေးငလျင်ကြီး တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော တပ်မတော်သားများကိုယ်စား တပ်မတော် အရာရှိကြီးတစ်ဦးအား လည်းကောင်း၊ တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး အားလည်းကောင်း၊ ရုရှားနိုင်ငံ ကယ်ဆယ်ရေးအဖွဲ့ ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး အားလည်းကောင်း၊ အိန္ဒိယနိုင်ငံ ကယ်ဆယ်ရေးအဖွဲ့ ကိုယ်စားမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီးအားလည်း ကောင်း အမှတ်တရဂုဏ်ပြုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နီပေါနိုင်ငံ ကယ်ဆယ် ရေးအဖွဲ့ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီးအား လည်းကောင်း၊ ဘရာဇီးနိုင်ငံ ကယ်ဆယ်ရေးအဖွဲ့ကိုယ်စား ဘရာဇီးနိုင်ငံ သံအမတ်ကြီးအား လည်းကောင်း၊ ယူအေအီးနိုင်ငံ ကယ်ဆယ်ရေးအဖွဲ့ ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ယူအေအီးနိုင်ငံ သံအမတ်ကြီးအား လည်းကောင်း၊ သီရိလင်္ကာနိုင်ငံ ကယ်ဆယ်ရေး အဖွဲ့ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီးအား လည်းကောင်း အမှတ်တရ ဂုဏ်ပြုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တို့က မန္တလေးငလျင်ကြီး တုံ့ပြန် ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော နိုင်ငံများအလိုက်မှ ကယ်ဆယ်ရေးအဖွဲ့များ ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၊ သံရုံးတာဝန်ခံများ၊ စစ်သံမှူးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံငလျင်ကော်မတီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ မြန်မာနိုင်ငံဘူမိသိပ္ပံ အသင်းတို့မှ ကိုယ်စားလှယ်များအား အမှတ်တရဂုဏ်ပြုတံဆိပ်များ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက် လာကြသူများသည် မန္တလေး ငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြသည်။
ဆက်လက်၍ နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက အခမ်းအနားတက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အခမ်းအနား အပြီးတွင် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြ သူများသည် မန္တလေးငလျင်ကြီး တုံ့ပြန်ရေး ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများနှင့် ဝန်ကြီးဌာနများအလိုက် ပြခန်းများအား လိုက်လံ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


