မြတ်ထေရ်ကျော်
လကွယ်သန်းခေါင် မိုးမှောင်တောလယ်၊ လျှပ်ပန်းနွယ်၊ နရပေငယ်ရံတစ်ခါ။ ဘုရားပွင့်ရာ၊ သာသနာရောင် ထွန်းလင်းပြောင် မြင့်ခေါင်တို့ ထက်ကြာ။
သာသနာတွင်းမှ ပြုနိုင်ကြ မုညဝိသေသာ။
ကျေးဇူးရှင် ရွှေကျင်နိကာယ ဓမ္မသေနာဗထိ မဟာဝိသုဒ္ဓါရုံ ဆရာတော် ဘုရားကြီး၏ အလိုတော်ကျ ဝိသုဒ္ဓါရုံ ဂုဏ်တော်ပွင့် စာအုပ်မှာ အထက်ပါ သံဝေဂ လင်္ကာကို ဖတ်ရတွေ့ရပါတယ်။
မှန်ပါတယ်။ လကွယ်ညရဲ့ သန်းခေါင်ယံအချိန်မှာ မိုးရွာနေတယ်။ နည်းနည်းမဟုတ်ဘူး။ မိုးအများကြီး ရွာနေတာကြောင့် ကောင်းကင်မှာ ဘာကြယ်မှကို မမြင်ရတာ။ မှောင်လျက်ရှိနေတယ်။ တစ်ခါတစ်ခါ မိုးချုန်းသံ၊ ပြီးတဲ့နောက် မည်းမှောင်နေတဲ့ ကောင်းကင်မှာ ဝင်းခနဲလင်းခနဲ လျှပ်စီးလက်တာ တွေ့မြင်ဖူးကြမယ်။ ဒါပေမယ့် တစ်ခါတစ်ရံ မြင်ရတာမျိုးပါ။ အမြဲတမ်းတော့ မမြင်ရပါဘူး။
မိုးရွာတာကြာသလောက် မှောင်နေတဲ့လကွယ်ညမှာ လျှပ်စီးလက်တာက တစ်ခါတစ်ရံမှသာ မြင်ရတွေ့ရသည့်နှယ် ဤလူ့ဘုံဝယ် ဘုရားပွင့်ရာ သာသနာ နှင့် ကြုံဖို့တွေ့ဖို့ မြင်ဖို့ဆိုတာ တစ်ခါတစ်ရံ လျှပ်စီးလက်တာကို မြင်ရတာထက် ခက်ပါတယ်။ မလွယ်ကူပါဘူး။
ဘုရားပွင့်ရာ မင်္ဂလာရှိတဲ့အရပ် သာသနာပွင့်လင်းရာ မင်္ဂလာရှိတဲ့ဒေသမှာ လူဖြစ်လာပြီး မင်္ဂလာကုသိုလ်တွေ ပြုခွင့်ရတာက ထူးခြားမှု တစ်ခုပါပဲ။
ထို့ကြောင့် ထိုသံဝေဂလင်္ကာကို ထိုမဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီးက ထိတ်လန့်ဖွယ်အနေနှင့် ဖွဲ့ပြထားတာပဲ ဖြစ်ပါတယ်။
ကမ္ဘာမှာ မြန်မာ မြန်မာမှာ မန္တလေးမြို့တော်ဆိုတာ သာသနာရောင်ဝါ လင်းထိန်လျက်ရှိတဲ့ မြို့ကြီး ဖြစ်ပါတယ်။ ။
လေးပြင်လေးရပ်ရှိ ကျောင်းတိုက်အသီးသီးမှာ သီတင်းသုံးတော်မူကြတဲ့ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ဘုရား၊ ဘုံဆွမ်းလောင်းလှူနေပါသဖြင့် အလှူခံကြွရောက်ကြပါရန် ခြေတော်ဦးခိုက် လျှောက်ထားပါသည် ဘုရား။
မန္တလေးမြို့၏ နံနက်စောစော အရုဏ်ဦးအချိန် နေ့သစ်၏ အဦးအစ ပဏာမမှာ မန္တလေးမြို့ရဲ့ တစ်နေရာက ကျောင်းတိုက်အတွင်းရှိ ရဟန်းသံဃာတို့ ဆွမ်းအလှူခံကြွရောက်ဖို့ ပင့်လျှောက်တဲ့မ င်္ဂလာရှိလှတဲ့ အသံတွေကြားရတတ်ပါတယ်။
မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ်မှာ စာရေးသူ ဆယ်စုနှစ် နှစ်စုနီးပါး ဗုဒ္ဓ၏ အဆုံးအမ ပရိယတ္တိစာပေ လေ့လာသင်ယူရင်း ပဋိပတ္တိဝတ် အကျင့်တွေ ဖြည့်လျက် နေထိုင်ခဲ့ဖူးပါတယ်။
မန္တလေးမြို့၏ နေ့သစ်ကို ကြိုဆိုတဲ့အနေနှင့် ဂုဏ်ကျက်သရေ ကုသိုလ် မင်္ဂလာဖြိုးဝေအောင် အဦးဆုံး မြတ်စွာဘုရား၏ မေတ္တာရိပ်အောက်မှာထိုင်လျက် ဘုရားဂုဏ်တော် ၉ ပါးတို့အား ရှိခိုးတယ်။ မေတ္တာဘာဝနာလည်း ပွားပို့ပြီးတာနှင့် တစ်ပြိုင်နက် စာရေးသူ သပိတ်ရေဆေးတယ်။ ခါးပန်းဖွဲ့တယ်။ သင်္ကန်း ပြင်တယ်။ ရုံတယ်။ စသည့်ဖြင့် ဆွမ်းခံဝတ်ဖြည့် ကျင့်ရာ နည်းနာအရ ပြုပြင်လျက် သပိတ်ပွေ့ပိုက်လျက် လူငယ်ဘုံဆွမ်းလောင်းအသင်းရှိရာ ဆွမ်းအာဟာရ မျှတရရှိဖို့ ဆွမ်းအလှူခံ ထွက်ပါတယ်။ ။
ခြေတစ်လှမ်းက စလှမ်းရင်း ဆွမ်းကုသိုလ်ရှင်တို့ဖြစ်တဲ့ မန္တလေးသူ မန္တလေးသားတို့ စုပေါင်းဆွမ်းလောင်းရာ ဌာနသို့ ရောက်ရှိလျက် သူတို့လှူတဲ့ ဆွမ်းပူပူတွေက မွှေးကြိုင်တဲ့ ရနံ့ဟာ အသက်ဘဝဂ်တိုင် ပျံ့လောက်အောင် မွှေးလျက်ကြိုင်လျက် ရှိနေပါတယ်။
မန္တလေးမြို့မှာ လူငယ်ဘုံဆွမ်းလောင်းအသင်းဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့မြင်နိုင်သလို ပျော်ပျော်ရွှင်ရွှင် ဝမ်းသာလျက် မန္တလေးလူငယ်တို့ ဆွမ်း လောင်းလှူတာမြင်တွေ့နိုင်ပါတယ်။ ။
အင်္ဂတ္တရနိကာယ် ပဉ္စကနိပါတ် သုမနတ်ဘောဇနသုတ်မှာ မြတ်စွာဘုရား က ဆွမ်းလှူနေကြသော လူငယ်တို့အတွက် တရားစကား မိန့်ကြားတော်မူပါတယ်။
ဆွမ်းလှူကြသူ မန္တလေးသူ မန္တလေးသားတို့မှာ ဆွမ်းအလှူနှင့်အတူ အလှူခံရဟန်း သံဃာတို့အား အသက်၊ အဆင်း၊ ချမ်းသာ၊ ခွန်အား၊ ဉာဏ်ပညာတို့ တိုးပွားအောင် လှူဒါန်းခြင်း ဖြစ်လေရာ လူတို့၏ သက်တမ်း၊ နတ်တို့၏ သက်တမ်း အားလျော်စွာ အသက်ရှည်တဲ့ ကောင်းကျိုးကတော့ မလွဲမသွေရမှာ ဖြစ်ပါတယ်။
ဒါတင်မကပါဘူး။ လူနတ်ဗြဟ္မာတို့မှာ ရသင့်၊ ရှိသင့်ထိုက်တဲ့ အဆင်းရူပါရုံ ချောမောလှပခြင်း၊ လူချမ်းသာ နတ်ချမ်းသာ သုခကို ရရှိ သုံးဆောင်ရခြင်း၊ ဉာဏ်ပညာကြီးမားခြင်း၊ ခွန်းအားကြီးမားခြင်း၊ သန်စွမ်းခြင်း အကျိုးတွေ တိုးလျက် မင်္ဂလာရှိတဲ့ မြို့မန္တလေးမှာ မင်္ဂလာနံနက်ခင်း ဆွမ်းလောင်းခြင်း မင်္ဂလာ ကုသိုလ်ပြုကြတဲ့ မန္တလေးသူ မန္တလေးသားတွေ ရရှိနိုင်ပါတယ်။
ဘုံဆွမ်းလောင်း အသင်းဟာ အသင်းအဖွဲ့နှင့် ကုသိုလ်ပြုတာကြောင့် မြန်မာတို့ အသင်းအဖွဲ့ စိတ်ဓာတ်ရှိမှသာ အောင်မြင်နိုင်ပါတယ်။ အသင်းအဖွဲ့ကို အင်္ဂလိပ်လို TEAM လို့ ခေါ်ပါတယ်။
T - Together = အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်း အောင်မြင်နိုင်တယ်။
E - Everyone = လူတစ်ဦးချင်းစီမှာ တာဝန်ကိုယ်စီရှိလျက် သိလျက် အလုပ်လုပ်ဖို့ လိုပါတယ်။
A- Achieve = အချင်းချင်း ပူးပေါင်းညီညာ တာဝန်ယူဆောင်ရွက်ခြင်းဟာ အောင်မြင်မှုရလာဒ် ဖြစ်ပေါ်နိုင်ပါတယ်။
M- More = ပို၍ အောင်မြင်နိုင်ပါတယ်။
မန္တလေးလူငယ်ဘုံဆွမ်းလောင်းအသင်းက ရတဲ့အတွေးနဲ့ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၏ အသင်းအဖွဲ့ စိတ်ဓာတ်ရှိမှ အောင်မြင်နိုင်ကြောင်း စကားရပ်တို့ကို အောင်မြင်မှုအတွက် မျှဝေပေးပါတယ်။
မန္တလေးစာမျက်နှာ