နေပြည်တော်၊ ဖေဖေါ်ဝါရီ ၈

 

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးနန်းမြို့ရိုးအနောက်ဘက်၊ စည်ရှည်တံခါးအနီး၌ ရှေးမူမပျက် အသစ်ပြန်လည် တည်ဆောက်ပြီးစီးခဲ့သည့် စည်ရှည်တံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဇနီး‌ ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားလူငယ် မောင်မယ်များနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။

 

ဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်းက စည်ရှည်တံတား တည်ဆောက်ခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က စည်ရှည်တံတားဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်အား ဂါရဝပြုပေးအပ်သည်။

 

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်နိုင်ဦးနှင့် မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းတို့က စည်ရှည်တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

mdn

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တံတားကမ္ပည်း မော်ကွန်းကျောက်စာအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များပက်ဖျန်းပေးသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး အခမ်းအနား တက်ရောက်လာကြသူများသည် စည်ရှည်တံတားအားလှည့်လည်ကြည့်ရှုကြပြီး တိုင်းရင်းသား မောင်မယ်များနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး အခမ်းအနား တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 

အဆိုပါ မန္တလေးနန်းမြို့ရိုး အနောက်ဘက်ရှိ စည်ရှည်တံတားသည် မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီးလက်ထက်၌ မြနန်းစံကျော် ရွှေနန်းတော်နှင့်အတူ တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကာလအတွင်း စစ်ဘေးဒဏ်ကြောင့်ပျက်စီးခဲ့ရကြောင်း၊ စည်ရှည် တံတားသည် မန္တလေးနန်းမြို့ရိုး၏ အနောက်ဘက်ထွက်ပေါက် ပင်မတံတားတစ်စင်းဖြစ်ကြောင်း၊ တံတားအား မူလပုံစံအတိုင်းရှေးမှုမပျက် တည်ဆောက်နိုင်ရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲစေရေးတို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင်ဖွင့်ပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မန္တလေးနန်းတော်ကြီး၏ လေးပြင် လေးရပ်တို့တွင် တစ်ဖက်လျှင် တံခါးပေါက်ကြီး ၃ ပေါက်စီဖြင့် တံခါးပေါက် ၁၂ ပေါက် တည်ဆောက်ထားပြီး ထို ၃ ပေါက်၏ အလည်တံခါးကို ဓာတ်နာမ်များဖြင့် မှည့်ခေါ်ထားခဲ့ကြောင်းနှင့် ယခုကဲ့သို့ အနောက်ဘက်အရပ်ရှိ စည်ရှည်တံတားကြီးကို ပြန်လည်တည်ဆောက်ခြင်းအားဖြင့် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မြနန်းစံကျော်ရွှေနန်းတော်ကြီး၏ အင်္ဂါရပ်ကို ပြန်လည်၍ ပိုမိုပြည့်စုံစေမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်