မန္တလေး၊ ၇ ဒီဇင်ဘာ
ကိုဗစ် - ၁၉ ရောဂါနှင့်ပတ်သက်၍ ပြသနိုင်ရန် မန္တလေးမြို့တွင် ဖွင့်လှစ်ထားသည့် ဖျားနာကုသရေး ဆေးခန်းများသို့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း လာရောက်ပြသသူ ဦးရေ ၉၀၀ ကျော်ရှိပြီးကိုဗစ် - ၁၉ ရောဂါအတည်ပြုလူနာ ၉၉ ဦးတွေ့ရှိခဲ့ကြောင်းမြန်မာ နိုင်ငံဆရာဝန်အသင်း မန္တလေးတိုင်းဒေသကြီး ကိုဗစ် - ၁၉ Response Team ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ကျော်၏ ပြောကြားချက်အရ သိရသည်။
မန္တလေးတိုင်းဒေသကြီး၌ ကိုဗစ် - ၁၉ ရောဂါကာလအတွင်း ဖျားနာကုသရေး ဆေးခန်းများကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၇ ရက်မှစတင်ပြီး ပြန်လည်ဖွင့်လှစ် ကုသပေးလျက်ရှိရာ လက်ရှိအခြေအနေတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်မှု များပြားလာပြီး ဖျားနာကုသဆေးခန်းများသို့ လာရောက်ပြသသည့် လူနာအရေအတွက်လည်း များပြားလာကြောင်း သိရသည်၊၊
ဖျားနာကုဆေးခန်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကုသပေးလျက်ရှိပြီး ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ဖျားနာကု ဆေးခန်းများသို့ လာရောက်ပြသနိုင်ခြင်း မရှိသူများအတွက် မိမိတွင်ဖြစ်ပေါ်နေသည့် ရောဂါလက္ခဏာနှင့် ပတ်သက်၍ ကိုဗစ် - ၁၉ နှင့် ပတ်သက်သည့် ဆက်စပ်မူရှိမရှိ၊ ရောဂါနှင့် ပတ်သက်သည့်တွေ့ကြုံရသည့် အခက်အခဲ သိရှိလိုသည်များကို တိုင်ပင်ဆွေးနွေးမေးမြန်းနိုင်ရန် Call Center လည်း ဖွင့်လှစ်ထားရှိသည်။
Call Center တွင် နေ့စဉ်ဆက်သွယ်မေးမြန်းမှုများရှိပြီး စေတနာ့ဝန်ထမ်းဆရာဝန်များ အဖွဲ့က လိုအပ်သည့် လမ်းညွှန်မှုနှင့် အကြံဉာဏ်များကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။ ကိုဗစ် - ၁၉ Response Team ဥက္ကဌဒေါက်တာခင်မောင်ကျော်က ပြောကြားရာတွင် မန္တလေးမှာ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့လူနာ တစ်နေ့တစ်ခြား များလာတယ်ပြည်သူတွေ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လိုက်နာရမယ့်စည်းကမ်းတွေ ဆောင်ရန် ရှောင်ရန်တွေကို သေချာစွာလိုက်နာဖို့လိုအပ်တယ် လိုက်နာမှု အားနည်းတာကို တွေ့ရတယ် မိမိအိမ်မှာ ဖျားတဲ့သူ အနံ့မရတဲ့သူ ရောဂါတစ်ခုခု ဖြစ်ပွားနေပါက နီးစပ်ရာ ဖျားနာကုဆေးခန်း ကျန်မာရေးဌာနတွေ Call Center တွေကိုဆက်သွယ်ပြီး လိုအပ်သလို ကုသမှု ခံယူပါ၊ အိမ်မှာလုံးဝကြိတ်ပြီး ကုသမှုမျိုး မလုပ်ကြပါနှင့်ဟု ပြောကြားသည်။
မန္တလေးမြို့တွင် ဖျားနာကုသရေးဆေးခန်းများကို အောင်မြေသာစံ၊ ချမ်းမြသာစည်နှင့် ချမ်းအေးသာစံမြို့နယ်များတွင် ပိတ်ရက်မရှိနေ့စဉ်ဖွင့်လှစ်ထားသည်။
ဒီဇင်ဘာ ၂ ရက်စာရင်းများအရ မန္တလေးမြို့တွင် ကိုဗစ် - ၁၉ အတည်ပြုလူနာ ၆၃၁၆ ဦးရှိပြီး စစ်ဆေးခဲ့သည့် လူဦးရေမှာ ၁၀၆၇၇၈ ဦးဖြစ်ရာ ပိုးတွေ့လူနာ ရာခိုင်နှုန်းမှာ ၅.၉၂ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ ဆေးရုံတက်ကုသဆဲ ၂၃၃၆ ဦး ရှိ၍ ဆေးရုံဆင်းသွားသူ ၃၉၁၆ ဦးဖြစ်ရာ ပျောက်ကင်းသူ ရာခိုင်နှုန်းမှာ ၆၂ ဖြစ်သည် သေဆုံးသူဦးရေ ၆၄ ဦးရှိသည့်အတွက်သေဆုံးမှု ရာခိုင်နှုန်းမှာ ၁.၀၁ ဖြစ်ကြောင်း သိရသည်။
ကိုဗစ် - ၁၉ ရောဂါပိုးတွေ့လူနာ များပြားလာသည့် မန္တလေးခရိုင်အတွင်း ရောဂါကူးစက် ပျံ့နှံ့ဖြစ်ပွားနေမှုကို ထိန်းချုပ်ကာကွယ်နိုင်ရန် အတွက် ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်နေ့အထိ ၁၄ ရက်ကြာနေအိမ်တွင် နေထိုင်ရေး stay at home အစီအစဉ်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဆောင်ရွက်လျှက်ရှိပြီး လမ်းပေါ်သွားလာသူများကို စစ်ဆေးကြပ်မတ်အရေးယူမှုများ ဆောင်ရွက်လျက်ရှိသည်။
ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံထားပြီး stay at home ကာလတွင် မဖြစ်မနေပြင်ပသို့ ထွက်ရန်လိုအပ်ပါက ပြင်ပထွက်ခွင့်ကတ်များ ခွင့်ပြုထုတ်ပေးထားကြောင်း သိရသည်။
အောင်သူရ


