မန္တလေး ၂၄ ဒီဇင်ဘာ

 

မန္တလေးရှေ့နေကြီးများအသင်း၏ ပဉ္စမအကြိမ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊  ၂၆×၂၇ လမ်းကြား၊ ၇၁လမ်းရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။

 

အဆိုပါအစည်းအဝေးတွင် သဘာပတိအဖြစ် အသင်းဥက္ကဋ္ဌ ဦးထိန်လင်းက ဆောင်ရွက်ပြီး အဖွင့်အမှာ စကား ပြောကြား၍ နာယကများဖြစ်သည့် ဦးလှကိုနှင့် ဦးထွန်းကြည်တို့က ဩဝါဒစကားအသီးသီး ပြောကြားသည်။

 

ထို့နောက် အသင်းဒုတိယဥက္ကဋ္ဌ ဦးတင်ဝင်းက အလုပ်အမှုဆောင်အဖွဲ့၏ အစီရင်ခံစာကိုလည်းကောင်း၊ တွဲဖက်ဘဏ္ဍာရေးမှူး ဦးဝမ်းမောင်က ဘဏ္ဍာရေးရှင်းတမ်းကို လည်းကောင်း၊ စာရင်းစစ် (၂) ဦးဉာဏ်ထွန်းက စာရင်းစစ် အစီရင်ခံစာကိုလည်းကောင်း ဖတ်ကြားတင်ပြပြီး အလုပ်အမှုဆောင်  အဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းတို့ကို တက်ရောက်လာကြသူများ၏ အတည်ပြုချက် ရယူသည်။

 

ယင်းနောက် တာဝန်ရှိသူများက အသင်းနာယကကြီးများနှင့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ဦးထိန်လင်းက ကျေးဇူးတင်စကား ပြောကြားကာ အစည်းအဝေး ပြီးစီးခဲ့သည်။

 

အဆိုပါအစည်းအဝေးသို့ အသင်းနာယကကြီးများ၊ အသင်းဥက္ကဋ္ဌ ဦးထိန်လင်း၊ အတွင်းရေးမှူး ဦးသန့်လွင်ဝင်းတို့နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊အသင်းဝင် တရားလွှတ်တော်ရှေ့နေ၊ အထက်တန်း ရှေ့နေနှင့် အလုပ်သင် ရှေ့နေများ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

 

အဆိုပါ အသင်းသည် ပြဋ္ဌာန်းထားသောဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံတော်၏ လိုအပ်ချက်များအား ပူးပေါင်းကူညီဆောင်ရွက်ရန်၊ အသင်းဝင်များ၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စများနှင့် စပ်လျဉ်း၍ မိသားစုစိတ်ဓာတ်ဖြင့် အတူတကွ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန်၊ စည်းလုံးညီညွတ် မင်မင်မှုရရှိစေရန်၊ ဥပဒေပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုသော အသင်းဝင် ရှေ့နေများမှ ဥပဒေနှင့်အညီ လုပ်ငန်းဆောင်ရွက်သည့်အခါ သက်ဆိုင်ရာ တရားစီရင်ရေး၊ အုပ်ချုပ်ရေး နှင့် ဌာနဆိုင်ရာများတွင် ကြုံတွေ့ရသော အခက်အခဲပြဿနာများအား ဥပဒေနှင့်အညီ ကူညီ စောင့်ရှောက်ရန်၊ အသင်းဝင်ရှေ့နေ တစ်ဦးချင်းသော်လည်းကောင်း၊ အများနှင့်သော်လည်းကောင်း ဖြစ်ပေါ်လာသော ပြဿနာများကို ဥပဒေနှင့်အညီ ကူညီဖြေရှင်းပေးရန်စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားရှိပြီး အသင်းဝင် (၅၂၃) ဦး ရှိကြောင်း သိရသည်။

 

အောင်စံမောင်