မန္တလေး၊  ၁၀  ဇန်နဝါရီ

မန္တလေးရှိ ဧရာ၀တီစင်တာ၌ ကူးစက်မြန် ကိုဗစ်မျိုးစိတ်ကွဲတွေ့ရှိကြောင်း ယနေ့မနက်ပိုင်းက အွန်လိုင်းစာမျက်နှာများပေါ် သတင်းများထွက်ပေါ်ခဲ့ပြီး အဆိုပါသတင်းမှာ မမှန်ကန်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူများက အတည်ပြုပြောကြားလိုက်သည်။

"မဟုတ်ပါဘူး။ ဒီဗီဇပြောင်းပိုးသစ်က ဒီအတိုင်းကြီးပြောလို့ရတဲ့ကိစ္စမှမဟုတ်တာ၊ အများကြီးစစ်ဆေးမှုတွေ အများကြီးလုပ်ရတာပါ" ဟု မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီမှူး ဒေါက်တာသန်းသန်းမြင့်က ပြောသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ခင်ကြီးကလည်း သတင်းအမှားဖြစ်ကြောင်း သတင်းဌာနတချို့ကိုဖြေကြားထားသကဲ့သို့ ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း သတင်းအမှားဖြစ်ကြောင်း အသိပေးထားသည်။

အဆိုပါ သတင်းကို ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ယောက်က ယနေ့မနက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာပေါ် တင်ခဲ့ခြင်းဖြစ်ပြီး  သတင်းအမှားဖြစ်ကြောင်း ညနေပိုင်းတွင် ၎င်းကိုယ်တိုင် ပြန်လည်တောင်းပန်ထားသည်။

ဖြိုးအိ